အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက် ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက် ထုတ်ပြန်
ဇန်နဝါရီ ၁၃ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ရက်စွဲနဲ့ ကြေညာချက် အမှတ် ၃/၂၀၂၂ ကို ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ အကြမ်းဖက်စစ်ကောင်စီက ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့အတွင်းရှိ အရပ်သားပြည်သူတွေနေထိုင်ရာ မြို့နယ်၊ ကျေးရွာ များကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်းနဲ့ ယင်းသို့ လူသားချင်းစာနာ ထောက်ထားမှု ကင်းမဲ့သော ဆိုးဝါးပြင်းထန်လှတဲ့ လေကြောင်းနဲ့ အင်အားသုံး တိုက်ခိုက်မှုတွေကြောင့် ထောင်ပေါင်းများစွာသော ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ် တွေကို ကြီးမားစွာ ထိခိုက်နစ်နာဆုံးရှုံးစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ယအကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းနဲ့ အင်အားသုံးတိုက်ခိုက်မှုတွေကြောင့် ဒေသခံတိုင်း ရင်းသားပြည်သူတွေက ၎င်းတို့ရဲ့ နယ်မြေဒေသတွေကို စွန့်ခွာပြီး ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်း ရှောင် နေကြရလို့ စစ်ဘေးရှောင်ပြည်သူဦးရေမှာလဲ တိုးသထက်တိုးလာနေသလို ဒေသခံတိုင်းရင်းသား တို့ရဲ့ လယ်မြေတွေ၊ တောင်ယာတွေ၊ စိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးကြရပြီး နေအိမ်များ၊ သာသနိကအဆောက်အဦ များ၊ ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ဒါအပြင် သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနှင့် ကလေးသူငယ်တွေ၊ ရောဂါ ဝေဒနာခံစားနေရသူတွေ၊ ကျောင်းသားကျောင်း သူတွေရဲ့ လူမှုဘဝလုံခြုံမှု ကင်းမဲ့နေကြရပြီး ဘေးလွတ်ရာဒေသတွေကို ထွက်ပြေး တိမ်းရှောင်နေကြရတဲ့အတွက် ၎င်းတို့ရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေ အပါအဝင် အခက်အခဲပေါင်း များစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ အာဏာတည်မြဲရေး တစ်ခုတည်းကိုသာ ရှေးရှုပြီး အရပ်သားပြည်သူတွေနေထိုင်ရာ နယ်မြေဒေသတွေအပေါ် မြို့လုံးကျွတ်၊ ရွာလုံးကျွတ်နီးပါး ထိခိုက် ပျက်စီးစေတဲ့အထိ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွေကို ယခုကဲ့သို့ ဆိုးဝါးပြင်းထန်စွာ အကြိမ်ကြိမ် ကျူးလွန်တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေက လူသားမျိုးနွယ်အပေါ် ကာကွယ်စောင့်ရှောက်ပေးရန် ပြဋ္ဌာန်းထားတဲ့ နိုင်ငံတကာ စံနှုန်းတွေ၊ ကျင့်ဝတ်တွေ၊ ဥပဒေတွေကို လေးစားလိုက်နာခြင်းမရှိဘဲ ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖောက်နေခြင်းပင်ဖြစ်တယ်လို့ ထောက်ပြထား ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နယ်မြေဒေသ အသီးသီးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်ရက်စက်စက် ရမ်းကားတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ တိုင်းရင်းသားပြည်သူတွေအပေါ် လူသားချင်းစာနာ ထောက်ထားတဲ့ ကူညီထောက်ပံ့မှု တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ အမြန်ဆုံးရရှိစေရေးနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို မူလနေထိုင်ရာ ဒေသများသို့ ဘေးအန္တရာယ်ကင်းစွာ ပြန်လည်အခြေချနေထိုင် နိုင်ရေးတို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုပဲ ကုလသမဂ္ဂ နဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လည်း ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဝိုင်းဝန်းပူး ပေါင်းဖြေရှင်းနိုင်ရေး အစွန်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိတယ် လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်သည့်လုပ်ရပ်တွေ၊ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူတွေအပေါ် ညှာတာမှုကင်းမဲ့စွာ အင်အားသုံးတိုက်ခိုက်မှုတွေ၊ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုတွေကို ထိရောက်စွာ တုန့်ပြန်အရေးယူ ဟန့်တားနိုင်ရေး အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့ အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေကိုချိုးဖေါက်မှုတွေ၊ ကြီးလေးတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေအပေါ် စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး နိုင်ငံတကာ ဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်မှုများ အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ လက်တွဲကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးအပ်ပါတယ် ဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.