အကြမ်းဖက်စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်မှု မရှိဘူးဆိုတာနဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝအသိအမှတ်မပြုဘူးလို့ ကြေညာချက်ထုတ်
ဇူလိုင် ၉ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်မှု မရှိဘူးဆိုတာနဲ့ ရွေး ကောက်ပွဲအပါအဝင် ဘယ်ဥပဒေမဆို၊ လုပ်ထုံးလုပ်နည်းမဆို လုံးဝအသိအမှတ်မပြု လက်ခံမှာ မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အဓမ္မအာဏာရယူမှုက ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တောင် ညီညွတ်မှုမရှိယုံသာမက နိုင်ငံတော်သမ္မတကသာလျှင်ဖွဲ့စည်းခွင့်ရှိတဲ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်း မှုက တရားဝင်မှုမရှိလို့ ယင်းအဖွဲ့ရဲ့ ဆောင်ရွက်သမျှသော ဥပဒေ၊ နည်းဥပဒေနဲ့ ရွေးကောက်ပွဲအပါအဝင် လုပ်ငန်းစဉ်တွေ အားလုံးက မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့မျှ ညီညွတ်မှုမရှိလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လုံးဝအ သိအမှတ်မပြု လက်ခံမှာ မဟုတ်ဘူးလို့ ဖော်ပြထားတာပါ။
လက်ရှိ ထုတ်ပြန်ချက်က ဇွန် ၂၅ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဗဟိုအလုပ်ကော်မတီနဲ့ ဗဟိုကော်မတီဝင်တွေ၊ ဗဟိုရေးရာကော် မတီဝင်တွေ၊ တိုင်းနဲ့ပြည်နယ် တာဝန်ခံတွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်တာဖြစ်တယ်လို့ ဖော်ပြထား တာ တွေ့ရပါတယ်။
၂၀၂၀ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့တဲ့ အထွေထွေရွေး ကောက်ပွဲမှာ မဲဆန္ဒနယ်စုစုပေါင်း (၁၁၇၁) နယ်ရှိရာ (၁၁၁၇) နယ်တွင် ကျင်းပနိုင်ခဲ့ပြီး၊ ဆန္ဒမဲပေးခွင့်ရှိသူ (၃၈,၂၇၁,၄၄၇)ဦးရှိရာ ပြည်သူ့ လွှတ်တော်မှာ (၂၇,၅၁၂,၈၅၅)ဦး၊ အမျိုးသားလွှတ်တော်မှာ (၂၇၄၉၅၅၅၅)ဦး၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေမှာ (၃၀၄၅၉၁၁၃)ဦး လာရောက်မဲပေးခဲ့လို့ ရာခိုင်နှုန်းအားဖြင့် (၇၁)ရာခိုင်နှုန်းကျော်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒါအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အားလုံးရဲ့ (၈၂.၃၆)ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် (၉၂၀)ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရတယ်လို့ ဆိုထားပါတယ်။
မြန်မာပြည်သူတွေက ကိုဗစ် 19 ကပ်ရောဂါကိုရင်ဆိုင်ပြီး မိမိတို့ဆန္ဒကို ရဲရင့်စွန့်စား ဖေါ်ထုတ်ခဲ့ကြတယ်လို့ ဖော်ပြ ထားသလို နိုင်ငံတကာသံတမန်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအရပ်ဖက်အဖွဲ့အစည်းတွေကလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
တရားဝင်ဖွဲ့စည်းထားရှိပြီး၊ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်အား တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်တဲ့အတွက် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲရလဒ်ကသာ ပြည်သူ့ဆန္ဒနဲ့အညီ တရားဝင်တည်ရှိနေဆဲဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ပေးတဲ့ အာဏာကို အကြွင်းမဲ့ လက်ခံယုံကြည်ကိုင်ဆွဲထားတယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။