အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်ပါးစေ အပေါင်းပါတွေက ကရင်ပြည်နယ်အတွင်းက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်ပါးစေ အပေါင်းပါတွေက ကရင်ပြည်နယ်အတွင်းက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်
ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၂

အကြမ်းဖက်စစ်တပ်နဲ့ သူ့ရဲ့ လက်ပါးစေအပေါင်းပါတပ်တွေက ကရင်ပြည်နယ်အတွင်းက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်လိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်နဲ့ သူ့ လက်ပါးစေ BGF တပ်တွေက လက်နက်ကြီးငယ်တွေနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်နေတာပါ။

အဲဒီလို ပစ်ခတ်မှုတွေကြောင့် စာသင်ကျောင်းဆောင်တစ်ခုနဲ့ လူနေအိမ်တွေ၊ လယ်ယာမြေတွေ ထိခိုက်ပျက်စီးခဲ့ ရတယ်လို့ မူတြော်သတင်းစဉ်က ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၁ နာရီ ၄၀ ခန့်မှာ မယ်ပရေးခီးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စကခ ၈ လက်အောက်ခံ ခမရ ၄၀၃ တပ်ဖွဲ့တွေက မိချောင်းဝင်းကျေးရွာအတွင်းကို လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ပြီး စာသင်ကျောင်းဆောင် ၁ ခုနဲ့ ဒေသခံနေအိမ် ၂ လုံး ပျက်စီးခဲ့ရပါတယ်။

အလားတူ ဖေဖေါ်ဝါရီလ ၂၁ ရက် နံနက် ၇ နာရီအချိန်မှာလည်း ပွယ်ကေ့ဒေသမှာ အခြေချထားတဲ့ဗိုလ်မောင်ချစ် ဦးဆောင်တဲ့ BGF တပ်ရင်း ၁၀၁၄ က ဖာပွန်-ကမမောင်းလမ်းအရှေ့ခြမ်းရှိ မယ်ကနောင်၊ ထီးဘောကော်ကျေးရွာကို လက်နက်ကြီးကျည် အလုံးရေ ၅၀ ခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ည ၇ နာရီခန့်မှာ ဖာပွန်ကားလမ်းဘေးရှိ စစ်ကောင်စီတပ်ဖွဲ့တွေက သွာ့ခို့လော်ကျေးရွာအနီးနဲ့ လယ်ယာမြေတွေအတွင်းကို လက်နက်ကြီးနဲ့ ၁၅ ကြိမ် ပစ်ခတ်သလို၊ လက်နက်ငယ်နဲ့လည်း အချက်ရေ ၂,၀၀၀ ခန့် ပစ်ခတ်ခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

ဓါတ်ပုံ – ဖေဖေါ်ဝါရီလ ၁၉ ရက်တွင် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပျက်စီးခဲ့သော ဒေသခံပြည်သူ နေအိမ် ၁ လုံး
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.