အကြမ်းဖက်စစ်ကောင်စီတပ်တွေကို နိုင်ငံတကာမှာ အရေးယူဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီတို့ ဆွေးနွေး
ဇန်နဝါရီ ၁၁ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာမှာအရေးယူဖို့အတွက် ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) တို့က ဒီနေ့ညနေ ၆ နာရီခွဲမှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
“အကြမ်းဖက်စစ်ကောင်စီတပ်များက ကျူးလွန်လျက်ရှိသည့် လူ့အခွင့်ရေးချိုုးဖောက်မှုများ၊ ရာဇဝတ်မှုများနှင့်ပတ်သက်၍ အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက နိုင်ငံတကာဥပဒေများနှင့် အညီ တရားဆွဲဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကူညီပေးနိုင်သည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုလိုပါကြောင်း” လို့ ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌဖြစ်သူ ဦးအောင်ကြည်ညွန့်ကပြောပါတယ်။
တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦး၊ အဖွဲ့ဝင်များဖြစ်ကြ ဦးစည်သူမောင်၊ ဦးဝင်းကိုဦး၊ ဦးအာကာမျိုးထက်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီမှ Ms. Yanghee Lee ၊ Mr. Marzuki Darusman ၊ Mr. Chris Sidoti ၊ SAC-M Coordinator ဖြစ်သူ Isabel Todd နှင့် ဝန်ထမ်းဖြစ်သူ Joo Hyung Lee တို့ တက်ရောက်ခဲ့ကြပါတယ်။
ဦးအောင်ကြည်ညွန့်က “မြန်မာပြည်သူတွေကို ကူညီပေးတာက ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ CRPH ၊ NUG တို့ကို ကူညီအားပေးတဲ့ ထိရောက်သော ကူညီခြင်းဖြစ်ပါကြောင်း၊ မိမိတို့ CRPH ၊ NUG က ပိုမိုကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းက တရားဝင်အသိမှတ်ပြုမှု၊ စီးပွားရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု၊ လူသားချင်း စာနာထောက်ထား ခြင်းဆိုင်ရာ အကူအညီတွေပေးအပ်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း”ဆက်လက် ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက သူတို့ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ၊ ဆက်လက်ဆောင်ရွက်ရမယ့်အစီအစဉ်တွေ၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်တွေကိုရှင်းလင်းတင်ပြခဲ့ပါတယ်။
အဲဒီနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော် မတီက ဖွဲ့စည်းပုံလုပ်ငန်းတွေ၊ အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေ၊ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းအစီ အစဉ်တွေကို ဆွေးနွေးတင်ပြခဲ့ကြပြီး (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ရဲ့ အခန်းကဏ္ဍ၊ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုတွေ၊ နိုင်ငံရေးမူဝါဒတွေ၊ အာဆီယံနဲ့ နိုင်ငံတကာကိစ္စရပ်တွေအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews