အကြမ်းဖက်စစ်ကောင်စီက အတင်းအကြပ်စီစဉ်နေတဲ့ ရွေးကောက်ပွဲကို စိုးရိမ်တယ်လို့ ကုလအတွင်းရေးမှူးချုပ်ရုံးထုတ်ပြန်
ဇန်နဝါရီ ၃၁၊ ၂၀၂၃
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်ပြီး ကျင်းပဖို့ ရွေးကောက်ပွဲကို အတင်းအကြပ်လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးကနေ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အရပ်သားတွေနေထိုင်တဲ့ ရွာတွေကို ဗုံးကျဲတိုက်ခိုက်တာ၊ နေအိမ်တွေမီးရှို့တာ၊ လူတွေအစုလိုက်အပြုံလိုက်သတ်ဖြတ်နေတာ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ဂျာနယ်လစ်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေပြုလုပ်နေတဲ့ ကြားက ရွေးကောက်ပွဲလုပ်တယ်ဆိုတာ ဘယ်လိုမှပွင့်လင်းမြင်သာမှုရှိမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၃၀ ရက်က ထုတ်ပြန်ပါတယ်။
အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကျူးလွန်နေတဲ့ ပြစ်မှုတွေအမြန်ဆုံးရပ်ဖို့လည်း တိုက်တွန်းတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကိုကြိုဆိုပြီး အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ထားပြီး မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးစားတာကိုထောက်ခံတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ရပ်တန့်ဖို့ ပြောဆိုခဲ့သလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာပြည်မှာ အရပ်သားအုပ်ချုပ်ရေးစနစ်ကို သာပြန်သွားဖို့ အလေးအနက်ဆက်လက်ထောက်ခံနေမယ်လို့ ဆိုပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။