အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းဥပဒေတွေ၊ နိုင်ငံတကာဥပဒေတွေနဲ့ ကျင့်ဝတ်တွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းဥပဒေတွေ၊ နိုင်ငံတကာဥပဒေတွေနဲ့ ကျင့်ဝတ်တွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်
ဒီဇင်ဘာ ၂၆၊ ၂၀၂၁

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက ဒေသခံပြည်သူတွေကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ အပေါ်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပြည် တွင်း ဥပဒေတွေ၊ နိုင်ငံတကာဥပဒေတွေနဲ့ ကျင့်ဝတ်တွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်ဆိုပြီးတော့ ဖော်ပြခဲ့ပါတယ်။

သတင်းထုတ်ပြန်ချက်ထဲမှာ အာဏာသိမ်းစစ်ကောင်စီက ပြည်တွင်း ဥပဒေတွေ၊ နိုင်ငံတကာ ဥပဒေတွေနဲ့ ကျင့်၀တ် တွေကိုသာမက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းပါအချက်တွေကိုပါ ပြောင်ပြောင် တင်းတင်း ချိုးဖောက်လျက်ရှိပြီး ပြည်သူတို့အပေါ်၌ အကြမ်းဖက်လုပ်ရပ်တွေကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ဆက်လက်လုပ်ဆောင်နေတာကြောင့် ကမ္ဘာ့နိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုက်အ၀န်းက မြန်မာပြည်သူတို့ရဲ့ အသက်ရှင်သန်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ အမြန်ဆုံးနဲ့ အရေးတကြီး လုပ်ဆောင်ရန် လိုအပ် နေတယ်လို့ ဆိုထားပါတယ်။

ဒီဇင်ဘာ ၂၄ ရက်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၆၆၊ ခမရ ၁၀၈ ဦးဆောင်တဲ့တပ်တွေ့က မိုဆိုကျေးရွာအတွင်း အင်အားအလွန်အကျွံသုံးပြီး စစ်ရေးပြုလုပ်ခဲ့ကာ အပြစ်မဲ့အရပ်သားတွေရဲ့ နေအိမ်တွေ၊ ပစ္စည်းတွေကို ဖျက်ဆီးခဲ့ပြီး ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့အရပ်သား ၃၅ ဦးကျော်ကို ကြိုးတပ်ဖမ်းဆီးခေါ်ဆောင်ကာ ဒန်ပါကား ၃ စီး၊ ကားငယ် ၄ စီး၊ ထော်လာဂျီနဲ့ ဆိုင်ကယ် ၅ စီးတို့နဲ့အတူ လက်စဖျောက် မီးရှို့သတ်ဖြတ်ခဲ့တဲ့အပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော်မတီအနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။

ဒါအပြင် အကြမ်းဖက်စစ်ကောင်စီက သူတို့လုပ်ရပ်ကို တားဆီးဖို့ ကြိုးစားခဲ့တဲ့ နယ်ခြားစောင့်တပ်ရင်း ၁၀၀၄ ရဲ့ တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း ဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်ပြီး သတ်ခဲ့ပါတယ်။

အခုလို လုပ်ဆောင်ချက်တွေက အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ နှစ်ပေါင်း ၇၀ ကျော်အချိန်ကာလအထိ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်းဖြစ်ပါတယ်။

အခုလို အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေတဲ့ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေက မတရားလုယူထားတဲ့ ယင်းတို့ရဲ့ အာဏာတည်မြဲရေးနဲ့ အကျိုးစီးပွား မထိခိုက်ရေးတွေအတွက် လူသားမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက်လုပ် ဆောင်ဦးမယ့် သဘောထားတွေပဲဖြစ်တယ်လို့ CRPH က ထုတ်ပြနချက်မှာ ဖော်ပြထားပါတယ်။

အခုလို ထိတ်လန့်ဖွယ် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သားပြည်သူတွေနဲ့ မိသားစုတွေအတွက် များစွာထိခိုက်ကြေကွဲရပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားနိုင်ဖို့ အတွက် ကိုလည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ အနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းနဲ့ ချိတ်ဆက်လုပ်ဆောင် နေတယ်ဆိုပြီးတော့လည်း သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.