အကြမ်းဖက်စစ်ကောင်စီက နေအိမ်တွေကို ချိတ်ပိတ်မှုတွေ လုပ်နေတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီက နေအိမ်တွေကို ချိတ်ပိတ်မှုတွေ လုပ်နေတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်ပြန်
ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီက နေအိမ်တွေကို ချိတ်ပိတ်မှုတွေလုပ်ဆောင်နေတာနဲ့ပတ်သက်ပြီးတော့ အမျိုးသား ညီညွတ်ရေးအစိုးရက ဒီနေ့ရက်စွဲနဲ့ ကြေညာ ချက်အမှတ် ၆/၂၀၂၂ ကို ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ လတ်တလောကာလများအတွင်း အကြမ်းဖက်စစ်အုပ်စုအနေနဲ့ သူတို့ရဲ့ မတရား အာဏာလုယူမှုကို ဆန့်ကျင်ပြီး မိမိတို့ရဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးလျက်ရှိတဲ့ ပြည်သူလူထုရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို Telegram ကဲ့သို့သော လူမှုကွန်ယက်တွေမှာ ရေးသားဖော်ထုတ်ပြီး အကြမ်းဖက်ရန်လှုံ့ဆော်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုထားပါတယ်။ အဲဒီလို လှုံ့ဆော်မှုတွေ နဲ့ချိတ်ဆက်ပြီး ပြည်သူလူထုပိုင်ဆိုင်တဲ့ အိုးအိမ်စည်းစိမ်တွေကို မတရားသဖြင့် ချိတ်ပိတ်သိမ်းဆည်းမှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်လာတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီဆောင်ရွက်နေမှုတွေက တရားဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့အပြင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ပြည်သူလူထုအပေါ် သူရဲဘောကြောင် စွာ ညစ်ထေးသောနည်းလမ်းနဲ့ စနစ်တကျဖိနှိပ်လာတဲ့ လုပ်ရပ်တွေ ဖြစ်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုး ရ အနေနဲ့ ပြင်းထန်စွာရှုတ်ချထားပါတယ်။

ဥပဒေနဲ့ ညီညွတ်ခြင်းမရှိတဲ့ မတရားဆောင်ရွက်မှုတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသူ လူပုဂ္ဂိုလ်တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းက မိမိရဲ့ပါဝင်ပတ်သက်မှု အတိုင်းအတာပေါ်မူတည်ပြီး တာဝန်ယူ၊ တာဝန်ခံရစေရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်တာကြောင့် ကျူးလွန်ခံရတဲ့ ပြည်သူတွေ အနေနဲ့ ကျူးလွန်မှုမှာပူးပေါင်းပါဝင်ပတ်သက်သူတွေရဲ့ အချက်အလက်တွေအပါအဝင် မတရားချိတ်ပိတ် သိမ်း ဆည်းခံရတဲ့ အိုးအိမ်ပိုင်ဆိုင်မှုစာရင်းများကို သက်သေနဲ့တကွ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ တိုင်ကြားနိုင်ပါတယ်။

တိုင်ကြားလိုသူတွေအနေနဲ့က https://mohai.nugmyanmar.org ကိုဝင်ပြီး အမှုဖွင့်တိုင် ကြားရန်နေရာမှာ “တိုင်ကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဆိုပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ပေးပို့တိုင်ကြားမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှာ အမှုထမ်းလျက်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်မှုတွေကို အခြေခံပြီး အဆိုပါကိစ္စရပ်တွေကို တရားမျှတမှုရရှိရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နိုင်ငံတော်ရဲ့အာဏာကို တရားမဝင်လုယူထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ စစ်အုပ်စုက တရားဥပဒေနဲ့ ညီညွတ်မှုမရှိဘဲ ဆောင်ရွက်နေမှုတွေအားလုံးက မည်သည့်သက်ရောက်မှုမျှမရှိဘဲ ပျက်ပြယ်ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအတွက်ကြောင့် နေအိမ်ချိတ်ပိတ်သိမ်းဆည်းခံရမှုတွေ အားလုံးကလည်း ကျူးလွန်ခံရတဲ့ ပြည်သူတစ်ဦး တစ်ယောက်ချင်းဆီတိုင်းအပေါ် သက်ရောက်မှုမရှိစေရဘဲ မည်သည့်ဆုံးရှုံးမှုမျှ မရှိစေရေးနဲ့ အသွင်ကူး ပြောင်းမှုကာလ တရားမျှတမှုဖော်ဆောင်ရေးအစီအစဉ်တွေအကောင်အထည်ဖော်ချိန်မှာ ဥပဒေမဲ့သိမ်းဆည်း ခံရတဲ့ ပြည်သူတွေရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကို ပြည်သူ့လက်ရောက် ပြန်လည်ပေးအပ်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စီမံဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားတာတွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.