အကြမ်းဖက်စစ်ကောင်စီကို အရေးယူနိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သတင်းထုတ်ပြန်
၅ ဒီဇင်ဘာလ ၂၀၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူငယ်တွေကို အကြမ်းဖက် စစ်ကောင်စီက ကားနဲ့တိုက်၊ သေနတ်နဲ့ပစ်လုပ်ခဲ့တာကြောင့် လူငယ်တွေ သေဆုံး၊ အဖမ်းခံခဲ့ရတဲ့အပေါ်မှာ အကြမ်းဖက်စစ် ကောင်စီကို အရေးယူနိုင်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုလွှတ် တော် ကိုယ်စားပြုကော်မတီက ဒီဇင်ဘာ ၅ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ငြိမ်းချမ်းစွာဆန္ဒပြချီတက်လာသော စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူမဆန်စွာကားနဲ့ ဝင်တိုက်ပြီး ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြလူငယ် ၅ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၅ ဦးခန့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်းနဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားသူတွေကို ရိုက်နှက်တာ၊ ခြေထောက် နဲ့ကန်ကျောက်တာ၊ သေနတ်ဒင်ဖြင့် ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တဲ့အပြင် ဆေးကုသခွင့် မရရှိဘဲ စစ်ကြောရေးစခန်းတွေကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အခုလိုမျိုး ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်လုပ်ဆောင်နေတာတွေက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights) ပါ ပြဌာန်းချက်တွေကို လိုက်နာမှုမရှိဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေ တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ လူမဆန်တဲ့ ရာဇဝတ်မှု တွေကို နေ့စဉ်ရက်ဆက် ကျူးလွန်နေကြတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်းနဲ့ သံတမန်နည်းလမ်းတွေနဲ့ပါ အရေးယူမှုတွေလုပ်နိုင်အောင် လုပ်ဆောင်နေပါတယ်ဆိုပြီး သတင်းထုတ်ပြန် ထားတာကို တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews