အကြမ်းစစ်တပ်က ပြည်သူတွေနေအိမ်ကို မီးရှို့ဖျက်ဆီးမှုမှာ နောက်ဆုံးနှစ်လ အတွင်းမီးရှို့မှုက ပိုများနေ
မတ် ၃ ၊ ၂၀၂၂
မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအသီးသီးက ပြည်သူလူထုနေအိမ်တွေကို အကြမ်းဖက်တိုက်ခိုက်မီးရှို့မှုတွေလုပ်ဆောင်ခဲ့ရာမှာ စုစုပေါင်း လူနေအိမ် ၆၀၀၀ ကျော်ပျက်စီးခဲ့ရပြီဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့လို့လက်ရှိအချိန်မှာ လူနေအိမ် ၆၁၅၈ လုံး ပျက်စီးခဲ့တယ်လို့ Data For Myanmar က မတ်လ ၂ရက်မှာထုတ်ပြန်ပါတယ်။ အဲဒီအရေအတွက်ဟာ နေရာပေါင်း ၁၆၅ နေရာ မှာဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
Data For Myanmar က ပြုစုထားတဲ့ စာရင်းတွေ အရ စစ်ကောင်စီတပ်တွေကိုခုခံတိုက်ခိုက်မှုတွေအားကောင်းတဲ့ စစ်ကိုင်းတိုင်းက ကျေးရွာတွေအများဆုံး မီးရှို့ခံခဲ့ကြရတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ကရွာလုံးကျွတ်မီးရှို့တာအပါအဝင် နေအိမ်တွေကိုမီးရှို့ဖျက်ဆီးမှုအကြိမ်ကြိမ် လုပ်ဆောင်ခဲ့လို့ စစ်ကိုင်းတိုင်းမှာ အိမ် ခြေ ၃၆၀၀ ကျော်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။
ချင်းပြည်နယ်မှာ အိမ်ခြေ ၁၁၀၀ ကျော်၊မကွေးတိုင်းမှာ အိမ်ခြေ ၉၀၀ခန့်၊ ကယား(ကရင်နီ)ပြည်နယ်မှာ အိမ်ခြေ ၃၀၀ ကျော် စစ်ကောင်စီလက်ချက်ကြောင့် ပျက်စီးခဲ့ရပြီး ရှမ်းတောင်၊မန္တလေး၊တနင်္သာရီ၊ပဲခူးနဲ့ ကရင် ဒေသတွေမှာလည်းစစ်ကောင်စီတပ်တွေရဲ့မီးရှို့မှုတွေကြောင့် ပြည်သူလူထုနေအိမ်တွေ ပျက်စီးခဲ့ရပါတယ်။
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့်နေအိမ် ၆၀၀၀ ကျော်ရှိတဲ့အနက် နေအိမ် ၃၀၀၀ ကျော်ဟာ အခု ၂၀၂၂ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း ပျက်စီးခဲ့တာကို Data For Myanmar ရဲ့ စာရင်းတွေမှာတွေ့ရပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီတပ်သည် ယခုနောက်ပိုင်း အရပ်သားပြည်သူလူထုတွေနဲ့ပြည်သူလူထုတွေရဲ့ ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တိုး၍လုပ်ဆောင်လာတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်အနေနဲ့ ပြည်သူလူထုတွေရဲ့နေအိမ်တွေကိုတမင်မီးရှို့တာ၊ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာ၊လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာစတဲ့ပုံစံမျိုးစုံနဲ့အကြမ်းဖက်နေတာ ဖြစ်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။