သွေးစွန်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဉာဏ်နီဉာဏ်နက်တွေကို မယုံကြည်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းတွေကို ယာယီသမ္မတက ပြောကြား
ဇန်နဝါရီ ၄ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီအုပ်စုက ဆွေးနွေးရေးလမ်းကြောင်းကို ပြောကြားလာနေတဲ့အတွက် သွေးစွန်းနေတဲ့ အကြမ်းဖက်စစ် ကောင်စီရဲ့ ဉာဏ်နီဉာဏ်နက်တွေကို မယုံကြည်ကြဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
“ယခုအချိန်မှာ အာဏာသိမ်း မင်းအောင်လှိုင်နဲ့ စစ်အုပ်စုတို့က တွေ့ဆုံဆွေးနွေးရေးကို ပြောကြားလာတာ တွေ့ရကြောင်း၊ ရိုင်းစိုင်းပြီး တိုင်းပြည်တစ်ခုလုံး ကုန်းကောက်စရာမရှိအောင် ဖျက်ဆီးနေတဲ့ အာဏာသိမ်း မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးဖို့ရန် အင်မတန် ခက်ခဲမှာဖြစ်ပါကြောင်း၊ မင်းအောင်လှိုင်တို့ ကမ်းလှမ်းတဲ့ တွေ့ဆုံဆွေးနွေးရေး NCA လမ်းကြောင်းကို ပယ်ချဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ပန်ကြားလိုကြောင်း။ သွေးစွန်းသော စစ်ကောင်စီရဲ့ ဉာဏ်နီဉာဏ်နက်ကို မယုံကြဖို့ တိုက်တွန်းလိုပါကြောင်း” လို့ ယာယီသမ္မတက ပြောကြားလိုက်တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၂) ကို ဒီနေ့ နံနက် ၁၀ နာရီမှာကျင်းပပြုလုပ်ခဲ့ပြီးတော့ အဲဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းတွေကို ပန်ကြားခဲ့တာလည်းဖြစ်ပါတယ်။
ကုလသမဂ္ဂပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေတွေကို လေ့လာပြီး မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ကြဖို့လည်း တောင်းဆိုထားပါတယ်။ ဒါအပြင် အကြမ်းဖက်ခေါင်းဆောင် မင်း အောင်လှိုင်နဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ဝိုင်းဝန်းဖယ်ကြဉ်ကြဖို့ ယာယီသမ္မတက ပြောကြားထားပါတယ်။
အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ကာကွယ်ရေးဝန်ကြီးပြောထားသလိုမျိုး ကျနော်တို့ အတွက် အဓိကလိုအပ်ချက် (၄)ခုဖြစ်တဲ့ ရံပုံငွေ၊ လက်နက်၊ မဟာမိတ်စုဖွဲ့မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဗျူဟာပိုင်းစတဲ့ ကဏ္ဍ(၄)ခုလုံးကို ပိုမိုဖြည့်ဆည်းလာနိုင်ပြီဖြစ်တဲ့အတွက် ကျနော်တို့ပြည်သူတွေအတွက် အောင်ပွဲဟာ မဝေးတော့ဘူးလို့ ပြောကြားလိုကြောင်း။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ကော်မတီအနေနဲ့ သတ်မှတ်ထားတဲ့ နေရာဒေသတွေမှာ နယ်မြေစိုးမိုးရေးကိစ္စတွေနဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှု ရရှိနိုင်မှုတွေ စီစဉ်ဆောင်ရွက်နေမှုတွေဟာလဲ အဆင်ပြေပြေအောင်မြင်သွားမယ်လို့ ယုံကြည်ကြောင်း” လို့ ပြောကြားခဲ့ပါတယ်။
ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး ၁/၂၀၂၂ မှာ နိုင်ငံတကာရဲ့ ပြောင်းလဲလာတဲ့အခြေအနေတွေကို အမြဲမ ပြတ်သုံးသပ်ရေး၊ အာဆီယံနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးစတာတွေမှာ ပူးပေါင်းဆောင် ရွက်သွားရေးတွေနဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ စစ်အာရှင်စနစ်ကို အမြန်ဆုံးချုပ်ငြိမ်းဖို့ ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်သွားဖို့အရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ လေးကေ့ကော်ဒေသက စစ်ဘေးရှောင်တွေနဲ့ ပတ်သပ်ပြီးတော့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းထုတ် ပြန်ချက်မှာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews