ဝန်ထမ်းတွေ ဖေဖော်ဝါရီ လကုန် နောက်ဆုံးထားပြီး စစ်ကောင်စီလက်အောက်မှ နှုတ်ထွက်ဖို့ ရေစကြို ပအဖ ကြေညာ
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၂
အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါ စစ်အုပ်စုကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ ထုတ်ပြန်လိုက်ပြီး မြို့နယ်အတွင်းက ဝန်ထမ်းတွေ ဖေဖော်ဝါရီ ၂၈ရက် နောက်ဆုံးထားပြီး နှုတ်ထွက်ကြဖို့ အသိပေး ကြေညာလိုက်ပါတယ်။
ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဖေဖော်ဝါရီ ၂၁ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အခုလို ထုတ်ပြန်ကြေညာခဲ့တာပါ။
အာဏာသိမ်းစစ်အုပ်စုက ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး စစ်အာဏာရှင် အကျင့်ဆိုးနဲ့ ရေစကြို မြို့နယ်သာမက တစ်နိုင်ငံလုံးကို လက်နက်အားကိုးနဲ့ စစ်ကျွန်ပြုကာ အုပ်ချုပ်ဖို့ ကြိုးပမ်းနေတဲ့အတွက် ရရာနည်းလမ်းပေါင်းစုံနဲ့ဆန့်ကျင်တိုက်ခိုက် တော်လှန်ရေး ဆင်နွှဲနေတာ ဖြစ်ပြီး ပိုမိုထိရောက်စွာ အရှိန် မြှင့်တိုက်ခိုက်သွားမယ်ဆိုတာကိုအတည်ပြု အသိပေးအပ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ရေစကြိုမြို့နယ်အတွင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ကိုင်တုတ် ဝန်ထမ်းတွေ အနေနဲ့ ဖေဖော်ဝါရီ ၂၈ရက် နေ့ ည ၁၂နာရီ နောက်ဆုံးထားပြီး အလုပ်က နှုတ်ထွက်တာ၊ ပြည်သူနဲ့အတူ ပူးပေါင်းတာ၊ CDM ဆောင်ရွက်တာတွေ ပြုလုပ်ကြဖို့ အသိပေး ကြေညာလိုက်တယ် လို့ ရေစကြို ပအဖက ထုတ်ပြန်ပါတယ်။
ရေစကြိုမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ယန္တရားမှာ လိုက်ပါဆောင်ရွက်နေကြတဲ့ အမှုထမ်း အရာထမ်းတွေ မိမိတို့ ရုံးဌာန နေအိမ်တွေကနေ ရရာနည်းလမ်းနဲ့ အပြီးတိုင် စွန့်လွှတ် ထွက်ခွာသွား ကြဖို့ ကြေညာခဲ့ပြီး မလိုက်နာရင် အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ကိုင်တုတ် ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒေသအသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေအနေနဲ့ စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ဘက် အရပ်ဘက် ဝန်ထမ်းတွေကို ပြည်သူနဲ့ အမြန်ပူးပေါင်းပြီး CDM ပြုလုပ်ဖို့ တိုက်တွန်းမှုတွေ သတိပေးမှုတွေ လုပ်ဆောင်ထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar
ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။