လွိုင်ကော်မြို့မှာ တရက်ထဲ တိုက်ပွဲ ၂ နေရာဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ဦးသေ
ဇန်နဝါရီ ၁၁၊ ၂၀၂၂
ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် အကျဉ်းထောင် ဘေးပတ်လည်မှာ ကင်းပုန်းဝပ်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)၊ KDF၊ GZ 21 တပ်ဖွဲ့တွေက ပူးပေါင်းပြီး ဒီနေ့ ဇန်နဝါရီ ၁၁ ရက်မှာ သွားရောက်တိုက်ခဲ့တယ်လို့ DMO-PDF က ထုတ်ပြန်ပါတယ်။
တိုက်ပွဲက နေ့လည် ၁၂ နာရီ ခွဲကနေ ညနေ ၄ နာရီခွဲအထိကြာအောင် ဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၅ ယောက်လောက် သေဆုံးပြီး အတော်များများ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာလဲ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)၊လွိုင်ကော်(PDF)၊ KNDF၊ KA နဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒီနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါသေးတယ်။
ဒီတိုက်ပွဲကတော့ မနက် ၈ နာရီခွဲကနေ ည ၇ နာရီအထိ ဖြစ်ပွားခဲ့ပြီး လက်နက်တချို့ သိမ်းဆည်းရမိတာအပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ကို KNDF က အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်စခန်းချထားတဲ့ နေရာမှာ ပြည်သူပိုင်အိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ DMO-PDF က ဖော်ပြထားပါတယ်။
အခုတိုက်ပွဲမှာလဲ အကြမ်းဖက်စစ်ကောင်စီဘက်က အများအပြားသေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာအများအပြားရနိုင်တယ်လို့သိရပါတယ်။
တိုက်ပွဲမှာ အထိနာခဲ့တာကြောင့် ညနေ ၆ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက တိုက်လေယာဉ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
လွိုင်ကော်မြို့တွင်း တိုက်ပွဲ ၂ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)ဘက်က ရဲဘော် ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ DMO-PDF က ပြောပါတယ်။
#SpringRevolution
#PVTV
#PVTVNews