လေးကေ့ကော်ဒေသနဲ့ ကော့ကရိတ်တောင်ပိုင်းက စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာဖို့ KNU ဒူးပလာယာခရိုင်က ရတခ တိုင်းမှူးဆီကို အသိပေးစာပို့
မတ် ၉၊ ၂၀၂၂
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် လေးကေ့ကော်ဒေသနဲ့ ကော့ကရိတ်တောင်ပိုင်းဒေသတွေအတွင်း ဝင်ရောက်တပ်စွဲ အခြေပြုလှုပ်ရှားနေတဲ့ စစ်ကောင်စီရဲ့ တပ်တွေကို သုံးရက်အတွင်း ပြန်လည်ဆုတ်ခွာဖို့ ဒူးပလာယာခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဆီကို မတ်လ ၇ရက်က စာပို့ခဲ့ပါတယ်။
KNU ဒူးပလာယာခရိုင် တပ်မဟာ(၆) ဒေသအတွင်းမှာ ၂၀၂၁ ဒီဇင်ဘာ ၁၅ရက် က စတင်ပြီး စစ်ကောင်စီတပ် တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ဒေါနအရှေခြမ်းရှိ လေးကေ့ကော်မြို့သစ်အပါအဝင် ၎င်းပတ်ဝန်း ကျင်ရှိ ကျေးရွာတွေက ပြည်သူလူထုတွေ၊ ဒေါန အနောက်ခြမ်း ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာတွေက ပြည်သူလူထုများမှာ မိမိတို့ရဲ့ ကျေးရွာတွေကို စွန့်ခွာ ထွက်ပြေး စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တိုက်ပွဲဖြစ်ပွားရာဒေသတွေက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက တပ်စွဲ အခြေပြုလှုပ်ရှား လျက် ပြည်သူလူထုရဲ့ အိုးအိမ်ပစ္စည်း (သက်ရှိ၊သက်မဲ့)များစွာကို အဓမ္မသိမ်းယူတာ၊ ဖျက်ဆီးတာတွေကြောင့် စစ်ရှောင်ပြည်သူလူထုတွေဟာ သူတို့ရဲ့ ကျေးရွာနေအိမ်တွေကို ပြန်လည်နေထိုင်ခြင်းမပြုရဲတဲ့ အခြေအနေ သို့ရောက်ရှိနေတယ်လို့ ဒူးပလာခရိုင်ရဲ့ အသိပေးစာမှာ ဖော်ပြထားပါတယ်။
KNUဟာ ကရင်အမျိုးသား ပြည်သူလူထုရဲ့ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေနဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ကူညီဖြေရှင်းပေးဖို့ တာဝန်ရှိတာကြောင့်မို့လို့ စစ်ဘေးရှောင် ပြည်သူလူထုများအနေနဲ့ ၎င်းတို့ရဲ့ ကျေးရွာနေ အိမ်တွေကို အေးချမ်းစွာ ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်နေနိုင်ရေးအတွက် လေးကေ့ကော်ဒေသနဲ့ ကော့ကရိတ်တောင်ပိုင်းဒေသတွေအတွင်း ဝင်ရောက်တပ်စွဲ အခြေပြုလှုပ်ရှားနေတဲ့ စစ်ကောင်စီရဲ့ တပ်တွေကို အခု အသိပေး အကြောင်းကြားတဲ့ စာထုတ်ပြန်တဲ့နေ့(မတ်လ ၇ရက်) က စပြီး ၃ရက်အတွင်း ပြန်လည်ဆုတ်ခွာဖို့ အသိပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့တိုင်းမှူးဆီကို အသိပေးတဲ့ စာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေ ၃ရက် အတွင်း ပြန်လည်ဆုတ်ခွာခြင်းမရှိရင် နောက်ပိုင်းဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ၊ ပြဿနာတွေဟာ KNU ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် အမှတ်(၆) တပ်မဟာရဲ့ တာဝန် မဟုတ်ကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တာဝန်သာ ဖြစ်ကြောင်း အသိပေးအကြောင်းကြား တယ်လို့လည်း စာမှာပါရှိပါတယ်။
ဒူးပလာယာခရိုင်ရဲ့ စာပါ ဖော်ပြချက်အရဆိုရင် စစ်ကောင်စီတပ်တွေ ပြတ်လည်ဆုတ်ခွာဖို့ သတ်မှတ်ပေးထားတဲ့ ရက်ဟာ ဒီကနေ့ မတ်လ ၉ရက်နေ့မှာ အချိန်ပြည့်ပြီဖြစ်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။