လက်ရှိကာလမှာ ရရှိထားတဲ့ စည်းလုံးညီညွတ်မှုတွေကို အခြေတည်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အဆင့်သင့်ဖြစ်နေကြပြီလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာမှာဖော်ပြထား
ဖေဖော်ဝါရီ ၅ ၊ ၂၀၂၂
လက်ရှိကာလမှာ ရရှိထားတဲ့ စည်းလုံးညီညွတ်မှုတွေကို အခြေတည်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အဆင့်သင့်ဖြစ်နေကြပြီလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ၆၁ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ်၊ ပြည်သူတွေရဲ့ အနာဂတ်အတွက် နိုင်ငံရေးနည်းအရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ကာ တွေ့ဆုံညှိနှိုင်းခဲ့ကြပေမယ့်လည်း လက်နက်အားကိုးတဲ့ ကျင့်ဝတ်မညီတဲ့ ဖက်ဆစ်စစ်တပ်ရဲ့ အာဏာရှင်ဆန်မှုတွေကြောင့် ပြည်သူ တွေအနေနဲ့ ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေကို နှစ်ရှည်လများ ခံစားခဲ့ရပါတယ်။ ပြည်သူ့အာဏာကို မတရားတဲ့ နည်းလမ်းနဲ့ အဓမ္မလုယူသွားခဲ့ပြီး ယခုကာလမှတော့ နိုင်ငံအဝှမ်းက ပြည်သူတွေက ဖိနှိပ်မှုကိုအံတုပြီး ကျရာကဏ္ဍမှ တိုက်ပွဲဝင်နေကြတဲ့ စည်း လုံးညီညွတ်မှုတွေကို အခြေတည်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အဆင့်သင့်ဖြစ်နေကြပြီလို့ သဝဏ်လွှာထဲမှာ ဖော်ပြထားတာပါ။
တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒကို ပစ်ပယ်ပြီး ကိုယ်ကျိုးစီးပွားအတွက် ပြည်သူ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူကာ ဖိနှိပ်အုပ်ချုပ်ကြတဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်နေကြတဲ့ ကျောင်းသားလူငယ်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ နိုင်ငံ ရေးအင်အားစုတွေကို နွေးထွေးစွာကြိုဆိုစောင့်ရှောက်လျက်ပေးနေတဲ့ ကချင်တိုင်းရင်းသားတွေအားလုံးကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကိုယ်စား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အထူးကျေးဇူးတင်ရှိပါတယ်လို့ ဆိုပါတယ်။
နှစ်ပေါင်း (၇၀) ကျော်ကြာ အမြစ်တွယ်ခဲ့တဲ့ အာဏာရှင်စနစ်ကို အပြီးသတ် ပပျောက်စေပြီး ပြည်ထောင်စုတိုင်းရင်းသား အားလုံး အတွက် စစ်မှန်တဲ့ တန်းတူညီမျှမှု၊ တရားမျှတမှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဆီကို ဦးတည်ထားတဲ့ တော်လှန်ရေး ခရီးကြမ်းမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ကိုယ်ကျိုးမဖက်ဘဲ တိုင်းရင်းသား ညီနောင်တွေနဲ့အတူတကွ လက်တွဲ လျှောက်လှမ်းသွားမှာဖြစ်တယ်လို့လည်း ကတိပြုဖော်ပြထားတာ တွေ့ရပါတယ်။
ဒါအပြင် ဒီနေ့ကျရောက်တဲ့ (၆၁) နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှစကာ ကချင်တိုင်းရင်းသားတွေနဲ့တကွ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် အောင်မြင်တဲ့ တော်လှန်ရေးနိဂုံးကို အမြန်ဆုံး ရောက်ရှိပါစေကြောင်းဆုတောင်းပေး ထားတာလည်း တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။