လက်နက်ကိုင်တိုက်ပွဲတွေမှာ ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက် လမ်းညွှန်ချက်ကို ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
မတ် ၅ ၊ ၂၀၂၂
လက်နက်ကိုင်တိုက်ပွဲတွေမှာ ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်တွေ လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၄ ရက်စွဲနဲ့ ကြေညာချက် အမှတ် (၃/၂၀၂၂) ကို ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ လက်နက် ကိုင် ပဋိပက္ခတွေမှာ ဖြစ်လေ့ရှိတဲ့ အသက် (၁၈)နှစ်အောက် ကလေးသူငယ်တွေအပေါ်ချိုးဖောက်တဲ့ ဆိုးရွားတဲ့အကြမ်းဖက်ခြင်း (၆)ချက် (Six Grave Violations) ကို မကျူးလွန်စေရန် အလေးထားပြီး အထူးသတိပြုရမယ်လို့ ဖော်ပြထားပါတယ်။
ကလေးသူငယ်တွေအပေါ် ဆိုးရွားသော အကြမ်းဖက်ခြင်း (၆)ချက်ဆိုတာက ကလေးသူငယ်တွေကို သတ်ဖြတ်ခြင်းနဲ့ ခြေလက်ကိုယ်အင်္ဂါချို့တဲ့စေတာ၊ ကလေးသူငယ်တွေကို လက်နက်ကိုင်ပဋိပက္ခတွေမှာ တပ်သားအဖြစ်စုဆောင်းတာနဲ့ တိုက်ပွဲတွေ၊ တပ်စခန်းတွေမှာ အမျိုးမျိုးအသုံးချတာ၊ ကလေးသူငယ်တွေကို အဓမ္မပြုကျင့်တာနဲ့ အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ၊ ကလေးသူငယ်တွေကို အဓမ္မဖမ်းဆီးတာ ချုပ်နှောင်တာ၊ ကျောင်းတွေ ဆေးရုံတွေကို တိုက်ခိုက်တာ၊ ကလေးသူငယ်တွေအပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်တွေကို ငြင်းဆိုတာနဲ့ ပျက်ကွက်တာတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ (၁၈)နှစ်အောက် ကလေးသူငယ်တွေအပေါ် ကျုးလွန်တဲ့ ဆိုးရွားတဲ့အကြမ်းဖက်မှု (၆)ချက်ကို မကျုးလွန်မိစေဖို့နဲ့ ချိုးဖောက်အကြမ်းဖက်မှုတွေတွေ့ရှိပါက ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့ အထူးသတိပြု အလေး ထား ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ခုခံစစ် လက်နက်ကိုင်တိုက်ပွဲတွေမှာ အသက်(၁၈)အောက် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ဖို့အတွက် ကျင့်ဝတ်တွေ၊ စည်းမျဉ်းတွေကို ထုတ်ပြန်ထားပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ လိုက်နာဖို့ ထုတ်ပြန်ထားတာ တွေကတော့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ၊ အရပ်သားပြည်သူတွေနဲ့ ဆက်ဆံရာမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေရဲ့ အပိုဒ် (၆)မှာ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုတွေ အစရှိတဲ့ ထိရှလွယ်အုပ်စု တွေ (Vulnerable Groups)ကို အထူး ကာကွယ်စောင့်ရှောက်ပြီး လိုအပ်သည့်အကူအညီတွေပေးရမယ်လို့ ဆို ထားပါတယ်။
ဒါအပြင် အမျိုးသမီးတွေနဲ့ ကလေးသူငယ်များအပေါ် လိုက်နာရမည့်ကျင့်ဝတ်တွေရဲ့ အပိုဒ်(၂)မှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံတာ၊ အကြမ်းဖက်ခံရတာတွေ အလုပ်ရဆိုတာတွေကို ဖော်ပြထားတယ်လို့ဆိုပါတယ်။
စစ်ရေးဆိုင်ရာ ပစ်မှတ်သတ်မှတ်ချက်ရဲ့ အပိုဒ်(၃)မှာ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦ၊ ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ်နေရာတွေနဲ့ အရပ်သားပြည်သူများ စုဝေးသွားလာလှုပ်ရှားတဲ့ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုရဆိုတာတွေကို ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ် ရေးဝန်ကြီးဌာန လက်အောက်ရှိ လက်နက်ကိုင်အဖွဲ့စည်းတွေက နိုင်ငံတကာ စံချိန်၊ စံညွှန်းများ၊ ဥပဒေနဲ့ သဘောတူညီ ချက်တွေကို လိုက်နာပြီး ဂုဏ်သိက္ခာမြင့်မားတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ ဖြစ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လမ်းညွှန်ထားတဲ့ တပ်သား စုဆောင်းရေး မူဝါဒ ညွှန်ကြားချက်တွေအတိုင်း အသက် (၁၈) နှစ်ပြည့်ပြီးသူတွေကိုသာ တပ်သားအဖြစ် လက်ခံ စုဆောင်းရေးကို အထူးကြပ်မတ်ဆောင်ရွက်ကြဖို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် (၁၈) နှစ်အောက် ကလေးသူငယ်တွေ မိမိတို့ တပ်စခန်းနေရာအသီးသီးမှာ ရောက်ရှိနေတယ်ဆိုရင် နောက်ဆက်တွဲ ညွှန်ကြားချက်များပါ အစီအမံတိုင်း ဆောင်ရွက်ထားရှိကြရမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးလမ်းညွှန်ချက်ကို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။