ရွာသားတွေကို မတရားမီးရှို့သတ်ဖြတ်ခဲ့တဲ့ ဆားလင်းကြီးနယ်အနီးတဝိုက်မှာ စစ်ရှောင် နှစ်ထောင်လောက်ရှိနေ
ဒီဇင်ဘာ ၁၂၊ ၂၀၂၁
အာဏာသိမ်းစစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ် ဒုန်းတောရွာမှာ ဒေသခံရွာသား ၁၁ ယောက်ကို ဖမ်ဆီး နှိပ်စပ် အရှင်လတ်လတ်မီးရှို့ခဲ့ပါတယ်။ ဒီလို မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဒုန်းတောရွာအနီးတဝိုက်မှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၂၀၀၀ လောက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့က ဒုန်းတောကျေးရွာမှာ ဒေသခံ ၁၁ ယောက်ကို မီးရှို့သတ်ဖြတ်ခဲ့ပြီး လူငယ်အများစုပါဝင်တယ်လို့ သိရပါတယ်။ ဒီအထဲမှာ အသက် ၁၄ နှစ်သာ ရှိသေးတဲ့ ကလေးငယ်တစ်ဦးလဲ ပါဝင်ပါတယ်။
ဒါအပြင် ဒီနေ့ ဒီဇင်ဘာ ၁၂ရက်မှာလဲ ဘိန်းနွယ်ချောင်ရွာသို့ စစ်ကောင်စီတပ်တွေ ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တဲ့ ဖြစ်စဉ်မျိုးဖြစ်ခဲ့တာကြောင့် အနီးနားဝန်းကျင်ကရွာသားတွေမနေရဲတော့ပဲ အကုန်ထွက်ပြေးကုန်ကြတယ်လို့ သိရပါတယ်။
“ဒီလုပ်ရပ်လုပ်သွားတော့ ပတ်ဝန်းကျင် ဘိန်းနွယ်ချောင်တို့ ဂုဏ်တောတို့၊၊ အုံတုံပင် တို့ အဲဒီရွာတွေက အကုန်လုံး ကြောင့်လန့်ပြီး အကုန်ထွက်ပြေးကြတာ စစ်ဘေးရှောင်တွေဖြစ်သွားတာ” လို့ ဒေသခံက ပြောပါတယ်။
အခုလိုကျေးရွာတွေကို ဝင်ရောက်စီးနင်းတာကြောင့် ဆားလင်းကြီးနယ်တဝိုက် ကံကုန်း၊ ဒုန်းတော၊ ထန်းတောကြီး၊ ဘိန်းနွယ် ချောင်၊ ရွာသာ၊ အုံတုံပင် အပါအဝင် ကျေးရွာ ၇ရွာက ဒေသခံ ၂၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆားလင်းကြီးမြို့နယ်အနီးတဝိုက် စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေလိုအပ်နေတဲ့အကြောင်း အလှူငွေကောက်ခံကူညီပေးနေတဲ့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကလဲ သတင်းထုတ်ပြန်ထားပါတယ်။
ဒေသခံပြည်သူ့ကာ့ကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်တာအပြင် စစ်ကောင်စီတပ်က အကြမ်းဖက် ထိုးစစ်ဆင်မှုနဲ့ ကျေးရွာတွေကို ဝင်ရောက်စီးနင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ရှောင်ဦးရေ တိုးလာနေပြီး စုစုပေါင်း (၆၀၀၀၀) ကျော်ရှိလာပြီဖြစ်ကြောင်း ဒေသ ကူညီရေးအဖွဲ့တချို့ ကပြောဆိုကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews