ရေစကြိုက အကြမ်းဖက် စစ်ကောင်စီတပ်ရင်းအနီး ကင်းချထားတဲ့ စစ်မှုထမ်းဟောင်းနဲဲ့ ပျူများအား ပကဖ တိုက်ခိုက်၊ ၁ဦးသေ၊ လက်နက် ၂လက်ရ
မတ် ၁၈ ၊ ၂၀၂၃
မကွေးတိုင်း ရေစကြိုမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ (၂၅၆) တပ်ရင်းအနီး ကင်းချထားတဲ့ စစ်မှုထမ်းဟောင်းနဲ့ ပျူစောထီး တို့ကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဒီကနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်းဟောင်း သေဆုံးသွားပြီး လက်နက် ၂လက်ရရှိခဲ့တယ်လို့ ရေစကြို ပကဖက သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၁၈ရက် နံနက် ၈နာရီခွဲခန့်တွင် စစ်မှုထမ်းဟောင်း ကျောက်ခဲဆိုသူနဲ့ ပျူစောထီးတပ်ဖွဲ့ဝင် ၂ဦးကို တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်းဟောင်းမှာ နေရာတွင် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ၂ဦးဟာ ထွက်ပြေးသွားကြောင်း ဖော်ပြထားပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း ကာဘိုင်တစ်လက်၊ ကျည်ဘောက် ၂ခု၊ Short Gun တစ်လက်နဲ့ ကျည်တွေ ရရှိခဲ့ကြောင်း ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။
“ကျနော်တို့ကတော့ တော်လှန်ရေးလမ်းစဉ်အရ လက်နက်ကိုင်တော်လှန်ရေးဆိုတော့ တိုက်ရခိုက်ရမှာပဲ။ စစ်ကောင်စီကကျတော့ စစ်ကြောင်းထွက်တဲ့အခါ ပြည်သူတွေကိုလူသားဒိုင်းအဖြစ် လုပ်တယ်။ သူတို့ အထိုင်စခန်းတွေမှာ နေတယ်ဆိုရင် အန္တရာယ်များတဲ့ရှေ့ကင်း အပြင်ကင်းတွေဆိုရင်ပျူတွေကို တပဲခြောက်ပြားပေး မြောက်ပေးပြီးတော့ ထားထားတယ်။ သူတို့ကတော့ ဘန်ကာထဲမှာနေကြတာ။ ဒါ သပ်သပ်ကို အသေခံခိုင်းနေတဲ့သဘော။ အဲဒါကို ပျူတွေအနေနဲ့ သိသင့်တယ်။ သူတို့ စစ်ကောင်စီနဲ့ ပူးပေါင်းတာတွေ စွန့်ခွာသင့်တယ်။ အမြင်မှန်ရသင့်တယ် အလင်းဝင်သင့်တယ်” လို့ ရဲဘော်ဝေကြီးက လူထုနွေဦး သို့ ပြောကြားထားပါတယ်။
ရေစကြို ပကဖ အနေနဲ့ မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ပစ်မှတ်များကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ ပြည်သူလူထုများရဲ့ ပံ့ပိုးကူညီမှုနဲ့ ဆောင်ရွက်နေတဲ့ တော်လှန်ရေးဖြစ်လို့ ပြည်သူများအနေနဲ့ ဆက်လက် ပံ့ပိုးကူညီကြဖို့ ရဲဘော်ဝေကြီးက တိုက်တွန်းထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။