ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRYH) ရဲ့ တစ်နှစ်တာလုပ်ငန်းတွေကို ထုတ်ပြန်အသိပေးပြီး ရှေ့ဆက်လုပ်ငန်းစဉ်တွေကို ချပြ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRYH) ရဲ့ တစ်နှစ်တာလုပ်ငန်းတွေကို ထုတ်ပြန်အသိပေးပြီး ရှေ့ဆက်လုပ်ငန်းစဉ်တွေကို ချပြ
ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၂

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်တွေကို အသိပေးရှင်း လင်းတင်ပြတာနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အသိပေးတဲ့ပွဲကို မနေ့က မွန်းလွဲ ၁၂ နာရီမှာပြုလုပ်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ CRYH ကိုယ်စား ပုဇွန်တောင်မဲဆန္နနယ်မြေအမှတ်(၂)မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးတင့်လွင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ထံက ပေးပို့တဲ့ သဝဏ်လွှာ ကို တာမွေမဲဆန္ဒနယ်မြေအမှတ်(၂)ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းမြင့်က ဖတ်ကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) ရဲ့ တစ်နှစ်တာကာလလုပ်ငန်းစဉ်တွေကို လသာမြို့နယ် မဲဆန္ဒ နယ်မြေအမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ရှင်းလင်းတင်ပြခဲ့ပြီး CRYH ရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ခရမ်းမဲဆန္ဒနယ်မြေအမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးသိန်းဇော်လတ်က ဖတ်ကြားတင်ပြခဲ့ပါ တယ်။

CRYH ရဲ့ တစ်နှစ်တာကာလ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်းတင်ပြခြင်းနဲ့ ရှေ့လုပ်ငန်းစဉ်များတင်ပြတဲ့ အစည်းအဝေးကို ပြည်သူ့ရွေးကောက်ခံ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းအလုပ် အမှုဆောင်တွေ၊ နိုင်ငံတကာသံရုံးများရဲ့ တာဝန်ရှိသူတွေ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေ၊ သတင်းမီဒီယာဌာနတွေနဲ့ အခြားဖိတ်ကြားထားသောဧည့်သည်တွေတက်ရောက်ခဲ့ကြပါတယ်။

CRYH ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကတော့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနဲ့အညီ ပြည်ထောင်စုနဲ့ ဖက်ဒရယ်ပြည်နယ်တွေ၊ ဖက်ဒရယ်ယူနစ်တွေအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်တွေမှာ အတူ ပါဝင်ဆောင်ရွက်ရန်၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ ပီပီပြင်ပြင်ပေါ်ပေါက်လာရေး အတွက် လက်ရှိဖွဲ့စည်းထားရှိပြီးဖြစ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တွေနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွား ရန်၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး မပေါ်ပေါက်မီ လစ်ဟာလျက်ရှိတဲ့ အုပ်ချုပ်ရေးကဏ္ဍအတွင်း ပြည်သူ့လိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို ပါဝင်သင့် ပါဝင်ထိုက်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ CDM ဝန်ထမ်းတွေအတူ ပူးပေါင်းဆောင်ရွက်ပြီး ဆက်လက်ကြိုးပမ်းလုပ်ဆောင်ရန်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ရန်ကုန်တိုင်းအတွင်းက နွေဦးတော်လှန်ရေးကာလမှာ ကျဆုံးသွားခဲ့ရသူတွေ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေ၊ မတရားဖမ်းဆီး ထောင်ချခံရသူတွေ၊ အသက်အိုးအိမ်စည်းစိမ်များကိုထိပါး စော်ကား နှောက်ယှက်ခံရသူတွေ အားလုံးရဲ့ နစ်နာမှုများအပေါ် မှတ်တမ်းတင်နိုင်ရေးနဲ့ လူမှုဘဝ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်သူတွေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်က ကင်းလွတ်ခွင့် မရှိစေ ရေး၊ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု (Transitional Justice) ရရှိစေရေး တို့အတွက် ပြည်သူ့အစိုးရ တစ်ရပ်ပေါ်ပေါက်လာတာနဲ့ တပြိုင်နက် တိုက်တွန်းကြိုးပမ်းမယ်လို့လည်း ဆိုထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.