ရက္ခိုင့်တပ်တော်(AA) နဲ့ ဆွေးနွေးမှုတွေရှိတယ်လို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဒုဝန်ကြီး ခူးထဲဘူး ပြောကြား

ရက္ခိုင့်တပ်တော်(AA) နဲ့ ဆွေးနွေးမှုတွေရှိတယ်လို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဒုဝန်ကြီး ခူးထဲဘူး ပြောကြား
ဖေဖော်ဝါရီ ၅ ၊ ၂၀၂၂

ရက္ခိုင့်တပ်တော်(AA) နဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေရှိတယ်လို့ ကန္တာရဝတီတိုင်းမ်နဲ့ အင်တာဗျူးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီး ကြပ်ရေးဒုဝန်ကြီး ခူးထဲဘူး ပြောကြားလိုက်ပါတယ်။

ရက္ခိုင့်တပ်တော်(AA) နဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေရှိလားဆိုတဲ့ မေးခွန်းကို ဒုဝန်ကြီး ခူးထဲဘူးက “ဟုတ်ပါတယ် ဒါကတော့ AA တစ်ဖွဲ့ထဲမှမဟုတ်ပါဘူး။
အားလုံးကိုတော့ တွေ့ဆုံဆွေးနွေးတယ်။ အခြေအနေတွေကို အပြန်အလှန်သဘောထားတွေပေါ့နော ခုနကပြောသလိုမျိုး အားလုံးက ပါဝင်သင့်ပြီဆိုတာ အဲ့ဒါတော့ ပြောကြပါတယ်” ဆိုပြီး ဖြေကြားလိုက်တာပါ။

ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ပံ့ပိုးကူညီမှုတွေရှိထားပေမယ့်လည်း ထိရောက်တဲ့ ထောက်ပံ့မှုမျိုးအထိ မပေးထားနိုင်ဘူးလို့လည်း ဖြေကြားထားတာ တွေ့ရပါတယ်။

လက်နက်ကိုင်တော်လှန်ရေးကို နှစ်ပေါင်း ၄၀ ကျော်လုပ်လာတဲ့ကာလအတွင်းမှာ အခုလောက်ထိ ပြည်သူတွေညီညီညာညာနဲ့ စုပေါင်းတော်လှန်တာမျိုး မတွေ့ဖူးသေးဘူးလို့လည်း ခူးထဲဘူးက ပြောထားပါတယ်။

“ဒီတစ်ခါမှ နိုင်အောင်မတိုက်တော့ဘူးဆိုရင်လည်း အခွင့်အရေး နောက်နောင်ထပ်ဖြစ်လာဖို့ဆိုတာ မလွယ်ဘူးပေါ့နော။ စစ်ကောင်စီကလည်း အရှုံးမပေးဘူးလို့ပဲ ယူဆတယ်ပေါ့။ ဘာဖြစ်လဲဆိုရင် စစ်ကောင်စီ စစ်အာဏာရှင်မျိုးဆိုတာ အတ္တသမားတွေပဲလေ။ သူတို့အတ္တနဲ့သူတို့ ဘယ်လိုမှ လူထုကိုအခွင့်သာပေးမှာ မဟုတ်ဘူး။ ဆိုတော့ ကျနော်တို့ ဒီအခြေအနေမှ အခွင့်အရေးအများကြီးရှိတော့ ဒီအချိန်မှာ ဒီအခွင့်အရေးကိုယူပြီးတိုက်ရမယ် ခိုက်ရမယ် ပြီးဆုံးအောင် ကျနော်တို့လုပ်ရမယ် အဲ့လိုမျိုးပဲ သဘောထားတယ်ပေါ့” လို့ ဒုဝန်ကြီး ခူးထဲဘူးက ပြောထားပါတယ်။

တော်လှန်ရေးမှာပါဝင်ဖို့အတွက် တိုင်းရင်းသားတွေအားလုံးပါဝင်လာနိုင်ဖို့အတွက် ကြိုးစားနေပြီးတော့ လက်ရှိအချိန်မှာတော့ သက်ဆိုင်ရာနယ်မြေအရ၊ လူမျိုးစုအရ အနည်းငယ်သာ ပါဝင်ဖို့ ကျန်ရှိတော့တယ်ဆိုပြီးလည်း ပြောကြားထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.