ယင်းမာပင်နယ်ခံတွေကို အကြမ်းဖက်စစ်တပ်က တိုက်ခိုက်သတ်ဖြတ်၊ နေအိမ်တွေနဲ့ ကား၊ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီး
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ကျေးရွာအချို့ကို ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဒေသခံတွေကို သတ်ဖြတ်တာ၊ နေအိမ်တွေ၊ ကားနဲ့ ဆိုင်ကယ်တွေကို မီးရှို့ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ယင်းမာပင်နယ်ခံတွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖေဖော်ဝါရီ ၂၆ရက်မနက်က ယင်းမာပင်နယ်က ချင်းပုန်းရွာကို ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက်စီးနင်းတဲ့ ဖြစ်စဉ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်လို့ ဒေသခံ ၉ဦးထက် မနည်းသေဆုံးပြီး ကား ၄စီး၊ ဆိုင်ကယ် ၆၄ စီးကို မီးရှို့ ဖျက်ဆီးသွားတယ်လို့ ယင်းမာပင်နယ်ခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ အဲဒီဒေသမှာ ဖေဖော်ဝါရီ ၂၆ရက်ကနေ ဖေဖော်ဝါရီ ၂၈ရက်မနက်ထိ တပ်စွဲနေထိုင်ခဲ့ပြီး ဒီလို နေထိုင်ရာမှာ မူကြိုကလေး ၈၀ ကျော်ကို ဓားစားခံအဖြစ် ဖမ်းဆီးထားတာလို့လည်း ဒေသခံက ပြောပါတယ်။
အခု ကလေးငယ်တွေကို ပြန်လွှတ်ပေးလိုက်ပေမယ့် ဒေသခံ အချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဒီကနေ့ မနက်က အဲဒီနယ်က သပြေအေးရွာကို ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက် စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယင်းမာပင် ဒေသခံတစ်ဦးက ပြောပါတယ်။
“ အဲဒီမှာ သူတို့ မီးရှို့တာက ဘုန်းကြီးကျောင်းရော အကုန်လုံးလောင်သွားတယ်ပြောတယ်။ ချင်းပုန်းက တစ်ဖွဲ့သီးသန့်၊ သပြေအေးက သီးသန့်၊ ရဟတ်ယာဉ်နဲ့ ဝဲပြီးချထားပြီးတော့ စီးနင်းတာနဲ့တူတယ်။ အခု သပြေအေးလည်း သူတို့ နေရာဝင်ယူသွားတာ”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
သပြေအေးရွာ ဖြစ်စဉ်မှာ အရပ်သားသေဆုံးမှု အခြေအနေကို မကြားသိရသေးပေမဲ့ အဲဒီရွာက ရွာသူရွာသားတွေနဲ့အနီးတဝိုက်ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
“နယ်မြေအခြေအနေက စစ်ခွေးတွေ ဒီလိုမျိုး ဒုက္ခပေးနေတော့ ပြည်သူတွေက ပတ်ပြေးနေရတယ်။ အခုဆိုရင် သပြေအေးပတ်ဝန်းကျင်က အိုးဘိုတို့၊ ကျောက်ပြုတ်တို့ အကုန်လုံး ထွက်ပြေးကုန်ကြရတာ” ဟု သူမက ပြောပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။