မြန်မာသံအမတ်ကြီး လုပ်ကြံရန်အမှုမှာပါဝင်တဲ့ ရဲဟိန်းဇော်က အပြစ်ရှိကြောင်းဝန်ခံထွက်ဆို

မြန်မာသံအမတ်ကြီး လုပ်ကြံရန်အမှုမှာပါဝင်တဲ့ ရဲဟိန်းဇော်က အပြစ်ရှိကြောင်းဝန်ခံထွက်ဆို

ဒီဇင်ဘာလ ၁၁၊ ၂၀၂၁

မြန်မာသံအမတ်ကြီးကို လုပ်ကြံဖို့ ကြိုးပမ်းပါဝင်မှုမှာ ဖမ်းဆီးခံထားရသူ ရဲဟိန်းဇော်က အပြစ်ရှိကြောင်း တရားရုံးမှာ ဝန်ခံထွက်ဆိုခဲ့တယ်လို့ နယူးယောက်တောင်ပိုင်းခရိုင်တရားရုံးက မနေ့က(ဒီဇင်ဘာ ၁၀ ရက်)မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒဏ်ရာရဖို့ ဒါမဟုတ် သတ်ဖြတ်ဖို့ လုပ်ကြံမှုရာမှာ ပူးပေါင်းပါဝင်ခဲ့တဲ့အကြောင်းကို ရဲဟိန်းဇော်က တရားရုံးမှာ ထွက်ဆိုခဲ့ပြီး ရာဇဝတ်မှုအတွက် ပြစ်ဒဏ်ချမှတ်မှုကို စောင့်ဆိုင်းနေတယ်လို့ အမေရိကန်တရားရုံးရှေ့နေ Damian Williams က ပြောပါတယ်။

“အမေရိကန်ရှိ နိုင်ငံခြားသံတမန်တွေနဲ့ အရာရှိတွေရဲ့ လုံခြုံဘေးကင်းရေးကို အစိုးရအဆင့်ဆင့် ကျွန်တော်တို့ရဲ့ ဥပဒေစိုးမိုးရေးလုပ်ဖော်ကိုင်ဖက်အားလုံးရဲ့ မနားမနေကြိုးပမ်းမှုကို ချီးကျူးလိုပါတယ်။ နောက်ပြီး ဒီလုပ်ကြံမှု ကျူးလွန်သူတွေကို တရားမျှတမှုရှိစေဖို့လည်း လုပ် ဆောင်သွားမှာပါ” လို့ Damian Williams က ဆက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း နယူးယောက်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ရဲဟိန်း ဇော်က သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဒဏ်ရာဖို့ ဒါမဟုတ် သတ်ဖြတ်ဖို့ တခြားသူတွေနဲ့ လျှို့ဝှက်ကြံစည်ခဲ့ကြောင်း နယူးယောက်တရားရုံးက ထုတ်ပြန်လိုက်ပါတယ်။

ဒီကြံစည်မှုမှာ ပူးပေါင်းလုပ်ကြံသူက မြန်မာစစ်တပ်ကို ထိုင်းနိုင်ငံက လက်နက်ရောင်းချနေသူ လက်နက်ပွဲစားကို ဆက်သွယ်ခဲ့ပြီး အဲဒီလူနှစ်ဦးရဲ့ သဘောတူညီချက်အရ သံအမတ်ကြီးကို ရာထူးက နုတ်ထွက်သွားဖို့ ဖိအားပေးရာကနေ သံအမတ်ကြီးကို ထိခိုက်အောင် လုပ်ကြံသူတွေကို ငှားရမ်းရေးမှာ ပါဝင်ခဲ့တာပါ။

အဲဒီလက်နက်ပွဲစားက ထိုင်းနိုင်ငံမှာ နေထိုင်ပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ ဝဏ္ဏမောင်လွင်တို့နဲ့ ရင်းနှီးသူ အေးကိုဖြစ်ပါတယ်။ သံအမတ်ကြီး မနုတ်ထွက်ရင် ပူးပေါင်းကြံစည် ဌားရမ်းထားတဲ့ လုပ်ကြံသူက သံအမတ်ကြီးကို သတ်ဖြတ်ဖို့အတွက် ထိုင်းမှာရှိတဲ့ လက်နက်ပွဲစားကို တောင်းဆိုထားတယ်လို့ တရားရုံးက ထုတ်ပြန်ပါတယ်။

ဒီအစီအစဉ်ကို သဘောတူညီပြီးအချိန်ပိုင်းအတွင်း ရဲဟိန်းဇော်က ပူးပေါင်းကြံစည်သူကို ဆက်သွယ် ငွေလွှဲအက်ပလီကေးရှင်းကတဆင့် ဒေါ်လာ ၄၀၀၀ လွှဲပြောင်းခဲ့ပြီး အစီအစဉ်ကို ဆွေးနွေးရင်း နောက်ထပ် ဒေါ်လာ ၁၀၀၀ ထပ်လွှဲဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

လုပ်ကြံမှုနဲ့ ပတ်သက်တဲ့ ရဲဟိန်းဇော်က အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရ နိုင်ပြီး လာမည့် ၂၀၂၂ မေလ ၁၀ ရက်မှာ ရဲဟိန်းဇော်ကို အမိန့်ချမှတ်ဖို့ ချိန်းဆိုထားပါတယ်။

ဒါအပြင် ရဲဟိန်းဇော်က စစ်တပ် အာဏာသိမ်းချိန် ရန်ကုန်မြို့ ချီတက်ဆန္ဒပြချိန် ပါဝင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ အမေရိကားကို ထွက်ခွာသွားတာဖြစ်ပါတယ်။ ရဲဟိန်းဇော်ဖခင်က လက်နက်ပွဲစား အေးကိုနဲ့ ရင်းနှီးသူဖြစ်တယ်လို့ သိရပါတယ်။

#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.