မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက် ထုတ်ပြန်
◾️အကြမ်းဖက်စစ်အုပ်စုက အာဆီယံခေါင်းဆောင်တွေကို ဂုဏ်သိက္ခာချနေတဲ့အပေါ် ဘယ်လောက်အထိ သည်းခံနေ မှာလဲဆိုပြီး အာဆီယံကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် မေးခွန်းထုတ်
ဇူလိုင် ၈ ၊ ၂၀၂၂
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ အမျိုးသားညီညွတ်ရေးအ စိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
ကြေညာချက်ထဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်က အာဆီယံခေါင်းဆောင် တွေကို အကြမ်းဖက်စစ်အုပ်စုက ဂုဏ်သိက္ခာချနေတဲ့အပေါ် ဘယ်လောက်အထိ သည်းခံနေမှာလဲဆိုပြီး အာဆီယံကို မေး ခွန်းထုတ်လိုက်တာတွေ့ရပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အာဆီယံရဲ့ အထူးကိုယ်စားလှယ် Prak Sokhonn မြန်မာနိုင်ငံကို လာရောက်တဲ့ ဒုတိယအကြိမ် ခရီးစဉ်အပြီးမှာ အကြမ်းဖက်စစ်အာဏာရှင်တွေက အာဆီယံအား ပြက်ရယ်ပြုရန်အတွက်သာ ရည်ရွယ်ချက်ရှိတယ်ဆို တာကို ရှင်းလင်းသိသာစွာ ကောက်ချက်ချနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အာဆီယံရဲ့ အထူးကိုယ်စားလှယ် Prak Sokhonn အနေနဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စိတ်အားထက်သန်စွာ ကြိုးပမ်းခဲ့ပေမယ့်လည်း၊ အထူးကိုယ်စားလှယ်ရဲ့ သက်တမ်းက ယခုအချိန်မှာ ငါးလခန့်သာကျန်ရှိတော့တဲ့အတွက် အထူးကိုယ်စားလှယ်အနေနဲ့ လက်ဆုပ်လက်ကိုင်ပြစရာ မရှိဘဲ လက်ချည်းဗလာဖြစ်ခဲ့ရတယ်လို့ ဆိုထားသလို အဲဒီအချက်က အာဆီယံရဲ့ တောင်းဆိုချက်တစ်ခုစီတိုင်းကို ပယ်ချကာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုအားလုံးကို စိတ်ပျက်စေဖို့ ရည်ရွယ်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ပုံဖော်ထားတဲ့ ပုံစံအတိုင်းပဲဖြစ်တယ်လို့ ဆိုထားပါတယ်။
အာဆီယံရဲ့ ဥက္ကဋ္ဌတာဝန်အား လွှဲပြောင်းရယူပြီးနောက် လက်ရှိအာဆီယံ ဥက္ကဋ္ဌဖြစ်သူ Hun Sen ရဲ့ မြန်မာနိုင်ငံသို့ လာရောက်တဲ့ ခရီးစဉ်အတွင်းမှာလည်း ယခုလိုပြုမူဆက်ဆံခြင်းကိုပင်ခံခဲ့ရတယ်လို့ ထောက်ပြထားပါတယ်။
အာဆီယံရဲ့ ဥက္ကဋ္ဌအနေနဲပ အကြမ်းဖက်စစ်အုပ်စုထံ ရှောင်တာနယ်ကို ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ကွပ်မျက်မယ့် အစီအစဉ်တွေကို ဖျက်သိမ်းရန် လူသိရှင်ကြား တောင်းဆိုခဲ့ပေမယ့်လည်း နှစ်ခုစလုံး ငြင်းပယ်ခံရတယ်ဆို တာကို ထောက်ပြထားပါတယ်။ ဒါအပြင် ခရီးစဉ်မတိုင်ခင်အချိန်ကပင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်ရဲ့ အတိုင်ပင် ခံကို အကျဉ်းထောင်ထဲကို ပို့ဆောင်ချုပ်နှောင်ထားတာကို မဖြစ်မနေ တွေ့မြင်ခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော် ပြထားပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအပေါ် ဝင်ရောက်မစွက်ဖက်ရေး” မူဝါဒကို လက်လွှတ်လိုက်ပြီးတော့ “ဥပေက္ခာမပြုရေး” မူဝါဒကို ပြောင်းလဲကျင့်သုံးဖို့အတွက် အာဆီယံကို တောင်းဆိုထားသလို အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်ကလည်း အဲဒီအချက်ကို ထပ်လောင်းပြောကြားထားခဲ့ပါတယ်။
“အာဆီယံ၏ အနောက်ဧရိယာတွင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများ ပြင်းထန်တိုးပွားလာခြင်းကို မဖြေရှင်းနိုင်ဘဲ ပျက်ကွက်နေခြင်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံသို့ ရောက်ရှိစေရန် တွန်းပို့နေခြင်းပင်ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုနှင့် ပတ်သက်၍ အာဆီယံက မည်သို့လုပ်ဆောင်ရမည်ဆိုသည်ကို သိရှိပြီးသည့်အလျောက် မြွေ၏ဦးခေါင်းကို ဖြတ်ပစ်သည့် နည်းလမ်းအား လက်တွေ့ကျင့်သုံးရမည်ဖြစ်ပါသည်။” လို့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင် ပြောကြားထားတာကို ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တစ်ချိန်တည်းမှာပဲ အာဆီယံရဲ့ မိတ်ဖက်အဖြစ် ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နိုင်မဲ့ မြန်မာပြည်သူလူထုက တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တည်ရှိနေတယ်လို့ ဆိုထားသလို အမျိုးသား ညီညွတ်ရေးအစိုးရကလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပေါ်ပေါက်လာရပြီး ဒေသအတွင်းမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ များပြားလှတဲ့ အကျပ်အတည်းပြဿနာတွေကို အတူတတွ ကြိုးပမ်းဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်းမှာဖြစ်စေ၊ အာဆီယံဖိုရမ်တွေကတစ်ဆင့်ဖြစ်စေ အာဆီယံအဖွဲ့ ဝင်နိုင်ငံတွေနဲ့ အတူ ပူးပေါင်းလုပ်ဆောင်ဖို့ ကတိကဝတ်ပြုထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါ တယ်။
#SpringRevolution
#PVTV
#TheArtOfRevolution
#Satire
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။