မြန်မာနိုင်ငံက ကလေးသူငယ်များကို ကူညီရေးထောက်ပံ့နိုင်ရေးအတွက် လိုအပ်နေတဲ့ ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၁၅၀ ကျော်ကို အလှူရှင်နိုင်ငံတွေက ထောက်ပံ့ကူညီပေးဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်း မေတ္တာရပ်ခံ
ဖေဖော်ဝါရီ ၈ ၊ ၂၀၂၂
၂၀၂၂ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံက ကလေးသူငယ်တွေရဲ့ ကဏ္ဍစုံလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပံ့ပိုးနိုင်ရေးအ တွက် UNICEF က လိုအပ်နေတဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၅၁ဒသမ၄ သန်းကို ကူညီထောက် ပံ့ပေးကြဖို့အတွက် အလှူရှင်နိုင် ငံတွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) အမှုဆောင်ဘုတ်အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ်အတွက် ပထမအကြိမ်ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ်ခဲ့ရာမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာပါ။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်က တရားမဝင် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေ ဖော်ဝါရီလ ၁ ရက်နေ့က စတင်ကာ အသက် ၃ နှစ်မှ ၁၇ နှစ် အကြား ကလေးငယ် ၁၁၄ ဦးထက်မနည်း စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ပြီးခဲ့တဲ့လအတွင်းမှာပဲ ကလေး ၁၈ ဦး သေဆုံးခဲ့တယ်လို့ ဦးကျော်မိုးထွန်းကပြောပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ရဲ့ ပဏာမလေ့လာဆန်းစစ်ချက်တွေအရ မြန်မာစစ်တပ်က ပြည် သူလူထုအပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်တဲ့ ပညာရေးနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို တိုက်ခိုက်တာ၊ မတရားချုပ်နှောင်ထားသူ တွေကို သေတဲ့အထိ ညှင်းပန်းနှိပ်စက်တာ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပိတ်ဆို့တာ၊ အိမ်တွေနဲ့ ဘာသာရေး အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်တာတွေကိုလည်း ပြောကြားခဲ့ပါတယ်။
ဒါအပြင် ပဋိပက္ခဖြစ်ပွားရာဒေသတွေက ကလေးအများအပြားအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ၊ ကျန်းမာရေးစောင့်ရှောက်တွေနဲ့ ပညာရေးဝန်ဆောင်မှုတွေ လိုအပ်နေကြောင်း၊ ကလေးတွေကို လိုအပ်တဲ့အကူအညီများ ဖြည့်ဆည်းပေးနိုင်ရေး နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီတွေ အပါအဝင် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို ရှာဖွေပြီး ပံ့ပိုးပေးဖို့အတွက်လည်း ဦးကျော်မိုးထွန်းက UNICEF ကို မေတ္တာရပ်ထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။