မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် No-flight Zone သတ်မှတ်ပေးရန် ကျောင်းသားသမဂ္ဂတွေပူးပေါင်းပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ တောင်းဆို

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် No-flight Zone သတ်မှတ်ပေးရန် ကျောင်းသားသမဂ္ဂတွေပူးပေါင်းပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ တောင်းဆို
ဒီဇင်ဘာ ၂၄၊ ၂၀၂၁
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် No-flight Zone သတ်မှတ်ပေးရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ ကျောင်းသားသမဂ္ဂတွေ ပူးပေါင်းပြီး တောင်းဆိုစာ တစ်စောင် ကို ဒီနေ့ ပေးပို့ခဲ့ပါတယ်။ တောင်းဆိုကြသော ကျောင်းသားသမဂ္ဂများထဲတွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ (၁၇၉ ) ဖွဲ့နဲ့ အခြေခံပညာကျောင်းသားသမဂ္ဂ (၄၈) ဖွဲ့ပါဝင်တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က ဒီမိုကရေစီအစိုးရထံမှ အာဏာကိုသိမ်းယူခဲ့ပြီး ပြည်သူတွေကတခဲနက်ဆန့်ကျင်ဆန္ဒပြမှုတွေကိုလဲ အကြမ်းဖက်စစ်တပ်က ရက်စက်စွာအကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် လူပေါင်းများစွာဒဏ်ရာရအသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံအနှံ့ရှိရွာတွေ၊ မြို့တွေမှာ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ စစ်သုံ့ပန်းအဖြစ်အသုံးချခြင်း၊ လူသားတံတိုင်းပြုလုပ်ခြင်း၊ ပြည်သူ့ပိုင်ဆိုင်မှုများ ခိုးယူဖျက်စီးခြင်း၊ ရွာလုံးကျွတ်မြို့လုံးကျွတ်မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူအုပ်စုလိုက်အား နှိပ်စက်သတ်ဖြတ်မြေမြှုပ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကိုအဓမ္မပြုကျင့်ခြင်း စတဲ့ ဆိုးဝါးပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေ ကျူးလွန်လျက်ရှိတယ်လို့ တောင်းဆိုစာထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံအနှံ့အပြားမှာလဲ အကြမ်းဖက်စစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေနေထိုင်တဲ့နေရာတွေကို ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နဲ့ ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တို့ကို ဥပမာပေးကာ အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်မှု၊ ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက် မပြုလုပ်နိုင်စေရန်အတွက် အချက် (၂) ချက်ကိုတောင်းဆိုထားတာတွေ့ရပါတယ်။ တောင်းဆိုထားတဲ့အချက် (၂) ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ဒီဇင်ဘာ(၂၀)ရက်နေ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ကြေငြာချက်အား ကျွန်ုပ်တို့ကျောင်းသားသမဂ္ဂများမှ ထောက်ခံပါသည်။ တောင်းဆိုချက်(ခ)ပါအချက်အား လည်း ကုလသမဂ္ဂအဖွဲ့ချုပ်မှ အမြန်ဆုံးဆောင်ရွက်ပေးရန် တောင်းဆိုပါသည်။
၂။ ယခုအချိန်တွင် မြန်မာတစ်နိုင်ငံလုံးနီးပါး စစ်တပ်၏ အကြမ်းဖက်ထိုးစစ်ဆင်မှုများတွင် လေကြောင်းတိုက်ခိုက်မှုများအလွန်အသုံးပြုသောကြောင့် အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးခြင်း၊ စစ်ဘေးဒုက္ခရောက်ခြင်းတို့ ခံစားနေရပါသည်။ ထို့အပြင် ပြည်သူ့အိုးအိမ်များစွာ အဖျက်ဆီးခံရပါသည်။ သို့ဖြစ်ပါ၍ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စစ်ဘက်ဆိုင်ရာလေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် တောင်းဆိုအပ်ပါသည်။

#SpringRevolution
#PVTV
#PVTVNews





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.