မောင်တောတိုက်ပွဲ စစ်ကောင်စီတပ်က သေဆုံးမှုရှိပြီး ၁၄ဦးအရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၂၅လက်ရရှိဟု AA ထုတ်ပြန်

မောင်တောတိုက်ပွဲ စစ်ကောင်စီတပ်က သေဆုံးမှုရှိပြီး ၁၄ဦးအရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၂၅လက်ရရှိဟု AA ထုတ်ပြန်
◾️ ရခိုင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်လို့ စစ်ရေးသတိရှိကြဖို့ အသိပေး
ဇူလိုင် ၁၉ ၊ ၂၀၂၂

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်ရှိခဲ့ပြီး ၁၄ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ရခိုင်ဒေသအတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်လို့ ပြည်သူတွေ သတိနဲ့ သွားလာကြဖို့၊ စစ်ရေးသတိရှိကြဖို့ အသိပေးထားပါတယ်။

ရက္ခိုင်ဒေသအတွင်းမှာ ရန်သူဟာ စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နိုင်တယ်လို့ AAက အသိပေးခဲ့တာပါ။

မနေ့က ဇူလိုင် ၁၈ရက် မနက်ပိုင်းမှာ မောင်တောမြို့နယ် ဆောင်ပညာရွာနဲ့ စံကားပင်ရင်း (ရခိုင်)ရွာအကြားမှာ စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့ကို AAက တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ သေဆုံးသူ အချို့ရှိခဲ့ပြီး လက်နက်ချ အညံ့ခံသော သုံ့ပန်း (၁၄) ဦးကိုလည်း လက်ရဖမ်းဆီးရမိခဲ့ကြောင်း၊ AA ဘက်မှ အလတ်စားဒဏ်ရာရရှိသူ အနည်းငယ်မှလွဲ၍ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲများအတွင်းမှ RPG 7၊ ပီစတို (၂) လက်၊ စက်လတ် (၁) လက်၊ G3၊ G4 အပါအဝင် လက်နက်စုစုပေါင်း ( ၂၅) လက်၊ ခဲယမ်းအများအပြား၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

ရန်သူဟာ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို စစ်ကူထပ်ပို့ခဲ့လို့ မောင်တောမြို့နယ်၊ ဒုံးကုလားရွာနဲ့ ဝက်ကျိန်းရွာ အကြားမှာ တိုက်ပွဲထပ်ဖြစ်ခဲ့သေးတယ်လို့ဖော်ပြထားပါတယ်။

ရန်သူဟာ ၎င်းတို့စစ်စခန်းတွေဖြစ်တဲ့ တောင်ပြိုလက်ယာ နခခ (၆)၊ ကြိမ်ချောင်း နခခ (၇)၊ မင်္ဂလာညွန့်ရဲကင်းစခန်း၊ ထရိန်းရဲကင်းစခန်း၊ သစ်တုံးနားခွဆုံအနီးရှိ စခန်း၊ မင်္ဂလာညွန့်အနောက်ဘက်ရှိ စခန်းများမှ တိုက်ပွဲဖြစ်ပွားရာနေရာတွေဆီကို လက်နက်ကြီးတွေနဲ့ ညနေပိုင်းအထိ တောက်လျှောက် ပစ်ခတ်ခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။

အခြားတစ်ဖက်မှာလည်း စစ်ကောင်စီဟာ အရပ်သားပြည်သူလူထုများကို ညအချိန်တွေမှာ ဝင်ရောက်ဖမ်းဆီးတာ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးတာ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တရားရုံး၊ တရားရေးဝန်ထမ်းတွေကို အ နှောင့်အယှက်ပေးတာ၊ ဖမ်းဆီးရန်ကြိုးစားဆောင်ရွက်တာ၊ ပြည်သူလူထုများ အပေါ်စိုးရိမ်မှုများဆက်တိုက်ပေးနေတာ ၊ လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်နေတာ၊ ပြည်သူလူထုကို ပြန်ပေးဆွဲထားသကဲ့သို့ ပြုလုပ်ထားတာ စတဲ့ အချက်တွေအပြင် တိုက်ပွဲဖြစ်ပွားလိုသော ရန်စမှု၊ ရန်လိုသောအပြုအမူတွေကို ဆက်လက် ပြုလုပ်နေ တာကြောင့် ရက္ခိုင်ဒေသအတွင်းတိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း AAက ထုတ်ပြန်ထားပါတယ်။

ယခု ဇူလိုင် လဆန်းက စစ်ကောင်စီတပ်ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေမှာရှိတဲ့ AA တပ်စခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ AA တပ်ဖွဲ့ဝင် ၆ဦး သေဆုံးထိခိုက်ခဲ့ပြီး ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်ခံရမှု ဖြစ်စဉ်အပြီး ၂ပတ်အကြာမှာ AAက မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်တွေကို အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.