မတ် ၁၄ ရက်တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု

မတ် ၁၄ ရက်တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
==========================

⚠️ စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှ ထွက်ခွာ လာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို မတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (CHUPDF)က ၆နေရာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ဦးသေဆုံးခဲ့ကြောင်း CHUPDF တပ်ဖွဲ့ထံမှ သိရပါတယ်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ချောင်းဦးမြို့နယ် အနောက် ဘက်ခြမ်းရှိ ကျေးရွာများကို ထွက်ခွာလာစဉ် CHUPDF တပ်ဖွဲ့က မိုင်းကွင်း အဆင့်ဆင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ၆ခုမြောက် မိုင်းထောင် ထားသော နေရာ ဖောက်ခွဲတိုက်ခိုက်ပြီးချိန်တွင် စစ်သား ၁၂ဦးသေဆုံးပြီး ၂ဝ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့များ သေဆုံးသော ဟစစ်သားများ အလောင်းကို ကောက်ယူပြီး ချောင်းဦးမြို့အတွင်းသို့ ပြန်လည် ဝင်ရောက် သွားကြောင်း CHUPDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

⚠️ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်နှင့်ရေဦးမြို့နယ်ကြား စိမ်းစားရွာအနီးရှိ တန့်ဆည်-ရေဦး အဝေးပြေး လမ်းအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီ ဖောကားကို မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၁နာရီ ၃ဝမိနစ်ခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ ၃ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦးသေဆုံးကာ လက်နက် ၅လက် သိမ်းဆည်းရမိခဲ့ကြောင်း Phoenix Defence Force – Taze တပ်ဖွဲ့ထံမှ သိရပါတယ်။ ယင်း အကြမ်းဖက် စစ်ကောင်စီ စစ်ကားများ တိုက်ခိုက်ခံရပြီးနောက် သေဆုံးမှု မရှိသော စစ်သားများသည် ကားပေါ်မှ ဆင်းပြေးသွားပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များက လိုက်လံ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ ဖောကားနှင့် စစ်ကူလာသော စစ်ကြောင်းကို တန့်ဆည်ဖီးနစ်၊ Phoenix Defence Force – Taze (တန့်ဆည်မြို့နယ် တပ်မဟာ ၂, တပ်ရင်း ၇, တပ်ခွဲ ၃)နှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့(ဓူဝံ) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရတာပါ။

⚠️ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရဲစခန်းမှရဲတပ်တပ်ဖွဲ့ဝင် ၆ဦးသည် မတ်လ ၆ရက်နေ့တွင် Zoland PDF တပ်ဖွဲ့ထံ လက်နက်များဖြင့် CDM ပြုလုပ် လာကြောင်း Zoland PDF တပ်ဖွဲ့ထံမှ သိရပါတယ်။ ဖလမ်းမြို့နယ် ရဲစခန်းမှ ဒုတပ်ကြပ် Thian Biak Piang (ထျန်ဘေ(ပ်)ပြန်)၊ ရဲတပ်သား Lal Thian Thang (လာင်ထျန်ထန်း)၊ ရဲတပ်သား Thang Cuan Mang (ထန်းကြွန်မန်း)၊ ရဲတပ်သား Kam Deih Pau၊ ရဲတပ်သား Thang Dim (ထန်းဒိမ်)နှင့် ရဲတပ်သား Khup Sawm Mungတို့ဖြစ်ကြောင်း Zoland PDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

⚠️ချင်းပြည်နယ်၊ မတူပီမြို့နယ် ထယ်ဘွေ့တပ်စခန်းသို့ အင်အားဖြည့်တင်းရန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၅၀ ခန့်ကို မတ်လ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ချင်းအမျိုးသားတပ်မတော် CNA၊ CDF ပလက်ဝ၊ CDF မတူပီ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးထက်မနည်းသေဆုံးကာ ၁၅ ဦးကျော် ထိခိုက်ဒဏ်ရာရကြောင်း CDF ပလက်ဝက သတင်းထုတ်ပြန်တာပါ။

မတ်လ ၁၂ ရက်နေ့ စခီဟာကျေးရွာနှင့် ၄ ဖာလုံအကွာခန့်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၅ ဦးကျော် ဒဏ်ရာရကြောင်း၊ မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ၁ ကြိမ်၊ ညနေ ၃ နာရီမှ ၅ နာရီအထိ ၁ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်သား ၇ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရကြောင်း၊ တိုက်ပွဲများတွင် CNA ရဲဘော် ၁ ဦး ကျဆုံးကာ CDF ပလက်ဝ ရဲဘော် ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သိရှိရပါတယ်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် တွီဆော့ကုန်းကျေးရွာရှိ နေအိမ် ၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုရားရှိခိုးကျောင်း ၁ ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဒေသခံများကို ချင်းတပ်ဖွဲ့များက လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း CDF ပလက်ဝက သတင်းထုတ်ပြန်ပါတယ်။

⚠️ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လွိုင်ကော် PDF၊ KNDF ပူးပေါင်းတပ်ဖွဲ့ကြား မတ်လ ၁၁ ရက်နှင့် ၁၄ ရက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ဦးခန့် သေဆုံးနိုင်ကြောင်း လွိုင်ကော် PDF ၁ ဦး ယနေ့ တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း သိရှိရပါတယ်။ ယနေ့ မတ်လ ၁၄ ရက် နံနက် ၈ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ကယန်းသာယာဘက်မှ ထီရိကျေးရွာဘက်သို့ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်ကာ စစ်ကြောင်းထိုးလာကြောင်း၊ လွိုင်ကော် PDF၊ KNDF ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လွိုင်ကော် PDF ရဲဘော် မျိုးအောင် (ခ) ပေါလူ ကျဆုံးခဲ့ကြောင်း PDF လွိုင်ကော်ထံမှ သိရှိရပါတယ်။
မတ်လ ၁၁ ရက်တွင် လင်ဖုံလေးလမ်းခွဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို လွိုင်ကော် PDFနှင့် KNDF က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲသည် နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦးမှ ၇ ဦး သေဆုံးခဲ့ကြောင်း၊ အလောင်းများကို ကားဖြင့် သယ်သွားသည်ကို မြင်တွေ့ရကြောင်း လွိုင်ကော် PDF က သတင်းထုတ်ပြန်ပါတယ်။ ယနေ့ နံနက်အစောပိုင်း ၁ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်သည် စစ်ရှောင်ပြည်သူများရှိရာ လွိုင်ကော်မြို့၊ ဒေါစဲကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်အချို့ ပျက်စီးကာ ရွာသားအချို့ ထိခိုက်ဒဏ်ရာရကြောင်း KNDF တပ်ရင်း ၉ က သတင်းထုတ်ပြန်ထားပါတယ်။

⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနကမတ်လ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
======================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေ မှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၁၃.၃. ၂၀၂၂) ရက်နေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၄ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၁၅ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက် လျက်ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.