ဗဟိုအလုပ်ကော်မတီနှင့် ဆက်သွယ်မှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDနှင့် တရားဝင်ဆက်သွယ်ခြင်းဖြစ်ကြောင်း CWC ဦးဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်ပြောကြား
နိုဝင်ဘာ ၁၉ ရက်
ပြည်တွင်း၊ ပြည်ပ သံတမန်များအနေဖြင့် NLD နှင့် ဆက်သွယ်ဆောင်ရွက်မည်ဆိုပါက ဗဟိုအလုပ်ကော်မတီ (CWC) နှင့် ဆက်သွယ်ဆောင်ရွက်မှသာ တရားဝင် ဆက်သွယ်ဆောင်ရွက်ခြင်းမျိုး ဖြစ်ကြောင်း၊ NLD၏ ဗဟိုအလုပ်ကော်မတီ (CWC) ဦးဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်က ပြောကြားလိုက်သည်။
ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌဖြစ်သူ ဆာဆာကာဝါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီးနောက် ဦးအောင်ကြည်ညွှန့်က VOA သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“အာဏာမသိမ်းခင်မှာ ၂၀၂၀၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ ဥက္ကဋ္ဌအပါအဝင် ကျနော်တို့ CEC တွေအကုန်လုံး စုံညီရှိနေတဲ့အခြေအနေမျိုးမှာ Steering Committee ဆိုတာ ဖွဲ့ပေးခဲ့တာရှိတယ်။ အဲဒီ Steering Committee ထဲကနေပြီးတော့ အခု လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ လူတွေနဲ့စုပြီးတဲ့ အခါကျ တော့ ဒါကို ဖွဲ့လိုက်တာ။ ဆိုချင်တာက- ဖွဲ့တယ်ဆိုတဲ့နေရာမှာ ကျနော်တို့က အသစ်ဖွဲ့လိုက်တာ မဟုတ်ဘဲနဲ့ ဖွဲ့ပြီးသား၊ CEC ကနေ တာဝန်ပေးအပ်ထားပြီးသား Steering Committee နဲ့ CEC နှစ်ယောက်ရယ်၊ အရံ CEC ရယ် ပေါင်းစည်းလိုက်တာ။ ပေါင်းစည်းလိုက်ပြီးတော့ ဒီနေ့ NLD ပါတီကို ကိုယ်စားပြုပြီး ဆောင်ရွက်နေတာ။ ဒါ့ကြောင့် ပါတီအနေအထားနဲ့သာ ဆက်သွယ် ဆောင်ရွက်မယ် ဆိုရင် အဲဒီဆောင်ရွက်နေတဲ့ (CWC)ကို ဆက်သွယ်မှသာလျှင် ပါတီကို တရားဝင်ဆက်သွယ်တယ်လို့ ပြောလို့ရမယ်။”ဟု ဦးအောင်ကြည်ညွှန့်က VOA သတင်းဌာနကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆာဆာကာဝါ၏ သတင်းစာရှင်းလင်းပွဲအပြီးတွင် ဆာဆာကာဝါတွေ့ဆုံခဲ့သူမှာ ယခင် သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီးဖြစ်သူ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်ဖြစ်နိုင်ကြောင်း သတင်းဌာနများက သုံးသပ်ရေးသားခဲ့ကြ သည်။
“တကယ်လို့ ဒေါ်စုစုလွင်နဲ့တွေ့ခဲ့တယ်ဆိုလို့ရှိရင်လည်းပဲ ဒါ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံတဲ့အနေအထား မျိုးမှာပဲရှိမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု NLD ပါတီကို ကိုယ်စားပြုပြီးတော့ တွေ့ဆုံဖို့ရာအတွက် သူ့ကို တာဝန်ပေးအပ်ထားတာ မရှိဘူး။” ဟု VOA သတင်းဌာနကို ဦးအောင်ကြည်ညွှန့်က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌဖြစ်သူ ဆာဆာကာဝါက မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်တပ်မတော် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားမှုကို ကြားဝင်ညှိနှိုင်းမှု ပြုလုပ်ပေးခဲ့သလို၊ နိုင်ငံရေးပါတီအချို့နှင့်လည်း တွေ့ဆုံ မှုများ ပြုလုပ်ထားသည်။ ဂျပန်အစိုးရကမူ ဆာဆာကာဝါ၏ ခရီးစဉ်မှာ ပုဂ္ဂလိက ခရီးစဉ်တခုသာဖြစ်ပြီး ဂျပန်အစိုးနှင့် သက်ဆိုင်ခြင်းမရှိကြောင်း တရားဝင်ကြေညာထားသည်။
Credit : Dwave
D-Wave