ဖေဖော်ဝါရီ ၁၇ ရက်တိုက်ပွဲသတင်းများစုစည်းဖော်ပြမှု
==============================
⚠️ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမှ ကုလားမလက်ကောက်ကျေးရွာသို့ တပ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၆ ရက် ညနေ ၄ နာရီခွဲတွင် နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Ghost Rider special task force (Mdy) တပ်ဖွဲ့က မိုင်း ၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ဆိုင်ကယ် ၄ စီး ထိမှန်သွားကြောင်း စစ်သား ၅ ဦး အထက်သေဆုံးနိုင်ကြောင်း နတ်တောင်နဂါး PDF က သတင်းထုတ်ပြန်ပါတယ်။
⚠️အလားတူ ကုလားမလက်ကောက်ကျကျေးရွာ မြောက်ဘက်တွင် ဒေသခံပြည်သူများ၏ ကြံခင်းများကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာသော စစ်သားနှင့် ပျူစောထီး စုစုပေါင်း ၆ ဦးကို ရှေ့ထွက်မိုင်း သုံးလုံးဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦး ထိမှန်သွားကြောင်း သိရှိရပါတယ်။ မိုင်းဆွဲတိုက်ခိုက်အပြီး စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်သဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့သော်လည်း ဆိုင်ကယ် ၂ စီးနှင့် ဖုန်း ၁ လုံး ဆုံးရှုံးသွားကြောင်း နတ်တောင်နဂါးအဖွဲ့က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
⚠️ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဖလူးဒေသတွင် ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၆ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ BGF တပ်ဖွဲ့များနှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ကား ၃ စီးဖြင့် သေဆုံးဒဏ်ရာရ စစ်သားများကို ပြန်လည်သယ်ဆောင် ဆုတ်ခွာသွားပြီး လက်နက်ခဲယမ်းအချို့ကို KNLA ပူးပေါင်းတပ်က သိမ်းဆည်းရမိကြောင်း သတင်းရရှိပါတယ်။ ဖေဖေါ်ဝါရီလ ၁၅ ရက်မှ စတင်ကာ ဖလူးဒေသကို KNLA ပူးပေါင်းတပ်က ပြန်လည် ထိုးစစ်ဆင်ခဲ့ပြီး ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ဖလူးလေးကျေးရွာထိပ်ရှိ လက်နက်ကြီးပစ်စခန်းကုန်း (ဘုရားကုန်း) အပါအဝင် ဖလူးကြီး၊ ဖလူးလေး ကျေးရွာဒေသများအား KNLA တပ်များက ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းပါ။
တိုက်ပွဲများပြင်းထန်ပြီးနောက် ဖေဖေါ်ဝါရီလ ၁၆ ရက် မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စင်းဖြင့် ဖလူးဒေသသို့ လာရောက်ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။ ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂ ပွင့် အရာရှိ ၁ ဦး အပါအဝင် ၆ ဦး ထက်မနည်းသေဆုံးကြောင်းနှင့် KNLA ပူးပေါင်းတပ်ဘက်မှ ၃ ဦး ဒဏ်ရာရကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရတာပါ။
ဖလူးဒေသကို KNLA က ပြန်လည်သိမ်းပိုက်ထားသော်လည်း ၁ မိုင်ခန့်အကွာရှိ မင်းလက်ပံကျေးရွာတွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များ ရှိနေကြောင်း၊ ယမန်နေ့ ညအထိ မင်းလက်ပံကျေးရွာမှ ဖလူးဒေသဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိကြောင်း ဒေသသတင်းရင်း မြစ်ကဆိုပါတယ်။၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် ဖလူးလေးကျေးရွာရှိ DKBA ဗိုလ်စလုံးစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၁၆ ရက်တွင်မှ KNLA ပူးပေါင်းတပ်က ဖလူးဒေသကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းပါ။
⚠️ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီ ၁၇ ရက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကာ ဖယ်ခုံ PDF ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရကြောင်း သတင်းရရှိပါတယ်။ မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်၊ ဘီလူးချောင်းဘေးတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းကို ပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခြင်းပါ။
ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ မိုးဗြဲမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF ၊ ကရင်နီတပ်မတော် KA၊ KNDF၊ KGZ ပူးပေါင်းတပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများနိုင်ကြောင်းနှင့် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များကဆိုပါတယ်။ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းနှင့် ညောင်ဝိုင်းရပ်ကွက်ရှိ စစ်ကောင်စီစခန်းများမှ ယမန်နေ့တွင် မိုးဗြဲမြို့ပေါ်သို့ ၆၀ မမ စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် စည်ကား-၃ ရပ်ကွက်ရှိ အများပြည်သူနေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့တာပါ။
အကြမ်းဖက်စစ်ကောင်စီသည် ဖယ်ခုံနှင့် မိုးဗြဲမြို့များသို့ ဖေဖေါ်ဝါရီလ ၁၅ ရက်မှစ၍ သံချပ်ကာအမြှောက်ကားများအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ဝင်ရောက်လာပြီး မြို့ပေါ် နေရာအနှံ့တွင် ကင်းပုန်းများချကာ တပ်စွဲထားကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ဆိုပါတယ်။ အဆိုပါ စစ်ကောင်စီကင်းပုန်းစခန်းများကို ကရင်နီတပ်ဖွဲ့များ၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေ ခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း မိုးဗြဲ PDF က ပြောပါတယ်။လက်ရှိ မိုးဗြဲ၊ ဖယ်ခုံဒေသများတွင် အင်တာနက်ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရပြီး ဒေသခံများအနေဖြင့်လည်း လုံခြုံရေးသတိရှိကြရန် ပူးပေါင်းတပ်ဖွဲ့များမှ အသိပေးထားပါတယ်။
⚠️အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
========================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ် ဖြတ်နေ မှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၁၆.၂. ၂၀၂၂) ရက်နေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၁၈ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက် လျက်ရှိ ပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။