ဖာပွန်-ကမမောင်းလမ်းမှာရှိတဲ့ စစ်ကောင်စီတပ် ယာယီစခန်းငယ် သုံးခုကို KNU ဝင်တိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေး

ဖာပွန်-ကမမောင်းလမ်းမှာရှိတဲ့ စစ်ကောင်စီတပ် ယာယီစခန်းငယ် သုံးခုကို KNU ဝင်တိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေး
၂၉ နိုဝင်ဘာလ ၂၀၂၁

ကရင်ပြည်နယ် ဖာပွန်-ကမမောင်းလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ယာယီစခန်းငယ် သုံးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေ ထွက်ပြေးသွားကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၅)ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက အတည်ပြု​ပြောကြားပါတယ်။

အဆိုပါလမ်းမှာရှိတဲ့ ကူးဆိပ်ရွာနဲ့ ခွေးသေရွာကြားမှာ စစ်ကောင်စီတပ်က လုံခြုံရေး​တွေချထားပြီး သွားလာရေး အခက် အခဲ ရှိနေတဲ့အပေါ် အဆိုပါ စခန်းငယ်များကို နိုဝင်ဘာ ၂၇ရက် နံနက်အစောပိုင်းမှာပဲ ဝင်ရောက်ရှင်း လင်းခြင်းဖြစ်တယ်လို့ ၎င်းက ​ပြောပါတယ်။

“တိုက်ခိုက်မှုက မနက် ၅နာရီကနေ ၆နာရီလောက်ကြတာပေါ့။ လမ်းလုံခြုံရေးချထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက သူတို့ထွက်ပြေးသွားတယ်။ သူတို့မှာ ထိခိုက်ဒဏ်ရာရရှိမှုက တိတိကျကျတော့ မသိရဘူးပေါ့။ KNLA တပ်မဟာ(၅)ဘက်မှာတော့ တစ်ဦးကျဆုံးတာပေါ့”လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကူ​တွေ ဖြည့်တင်းနေ​ပေမယ့်လည်း ယနေ့(နိုဝင်ဘာ ၂၈ရက်)ညပိုင်းအထိ အဆိုပါ ယာယီစခန်းငယ်​တွေကို နေရာပြန်ယူနိုင်ခြင်းမရှိသေးဘူးလို့လည်း ၎င်းက ဆိုပါတယ်။

“ ဒီလိုဖြစ်နေတဲ့ ပစ်ခတ်မှုက စစ်ကောင်စီအပေါ်မှာပဲ မူတည်တယ်။ စစ်ကောင်စီကနေ ပြီးတော့မှ သူတို့က တိုင်းပြည်အာဏာသိမ်းပြီးတော့ မတရားမူတွေ အမျိုးမျိုးလုပ်တဲ့အပေါ်မှာ အဲဒီကနေပြီး တပ်မဟာ(၅) တပ်ဖွဲ့တွေက သူတို့ရဲ့ အာဏာသိမ်းတဲ့ဟာကို ပြန်လည်ရုတ်သိမ်းပြီးတော့ ပြည်သူလက်ထဲ ပြည်သူရွေးကောက်တင်မြှောက်တဲ့ အစိုးရလက်ထဲ အာဏာပြန်လွှဲဖို့ ဖိအားပေးတဲ့အနေနဲ့လည်း သူတို့တပ်ဖွဲ့တွေကို အမြဲတမ်း ဒီလို ထိတွေ့မှုတွေဖြစ်ပြီး ပစ်ခတ်နေကြတာပေါ့”လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ပြည်သူရွေးကောက်ထားတဲ့ အစိုးရထံ အာဏာပြန်မလွှဲဘဲ စစ်အာဏာရှင်စနစ်ကို ဖော်ဆောင်ပြီး ပြည်သူ​တွေကို ဖိနှိပ်နေမယ်ဆိုပါက နယ်မြေဒေသကို ထိန်းသိမ်းကာကွယ်သည့်အနေနဲ့ အလျှော့ပေးမှာမဟုတ်ဘူးလို့ KNU တပ်မဟာ(၅) ပြောရေး ဆိုခွင့်ရှိသူက ပြောကြားပါတယ်။
#SpringRevolution
#PVTV
#News

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.