ဖလမ်းမြို့နယ်မှာ ဆွံ့အနေတဲ့ မသန်စွမ်း အမျိုးသမီးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ခြင်းအား ICNCC ကန့်ကွက်ရှုတ်ချ
ဇူလိုင် ၇ ၊ ၂၀၂၂
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်က မသန်စွမ်း အမျိုးသမီးကြီး တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းအား ကန့်ကွက်ရှုတ်ချကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဇွန်လ (၃၀) ရက်က စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ဖလမ်းမြို့နယ်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဖလမ်းမြို့နယ်၊ ဗားလုံကျေးရွာနေ အသက် ၆၀ ခန့်ရှိ မသန်စွမ်း (ဆွံ့အ) အမျိုးသမီးကြီး ဒေါ်တီလ်ကပ် (ပ်) အား ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ICNCCက ဖော်ပြထားပါတယ်။
အပြစ်မဲ့ မသန်စွမ်း (ဆွံ့အ) အမျိုးသမီးကြီးတစ်ဦးအားသတ်ဖြတ်ခြင်းအပါအဝင် ချင်းပြည်နယ် အနှံ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တာဝန်ရှိအဖွဲ့အစည်းတွေက စနစ်တကျမှတ်တမ်း တင်ပြုစု ထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ချင်းပြည်နယ် အတွင်း အပြစ်မဲ့အရပ်သားပြည်သူများအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူမဆန်ရက်စက် ကြမ်းကြုတ်စွာပြုကျင့်နေမှုများကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းလည်း ICNCC ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီလို ပြုကျင့်မှုတွေအပေါ် ထိုက်င့်တဲ့ တရားမျှတမှုရရှိနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သတိပေး ထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ အပါအဝင် ပြည်သူလူထုတွေအပေါ် ပုံစံမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။