ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ညှင်းပန်းနှိပ်စက်မှုတွေမပြုလုပ်ပဲ လူ့ဂုဏ်သိက္ခာနဲ့အညီ လုံခြုံစွာထိန်းသိမ်းထားရှိပြီး (ICRC)သို့ ဆက်သွယ်အကြောင်းကြားသွားမယ်လို့ NUG ထုတ်ပြန်
၂၀ နိုဝင်ဘာလ ၂၀၂၁
ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့စစ်သုံ့ပန်းတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားတယ်လို့ နိုဝင်ဘာလ (၁၉) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာလ(၇)ရက်နေ့က အမှတ်(၁)စစ်ဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ ခုခံတော်လှန်စစ်ပွဲအတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ညှင်းပန်းနှိပ်စက်မှုတွေမပြုလုပ်ပဲ လူ့ဂုဏ်သိက္ခာနဲ့အညီ လုံခြုံစွာထိန်းသိမ်းထားရှိမှာဖြစ်ပြီး အဲဒီစစ်သုံ့ပန်းတွေနဲ့ပတ်သတ်၍လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC)သို့ ဆက်သွယ်အကြောင်းကြားသွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း တွေကတော့
(၁) တပ်သားဖြိုးပိုင် – ကိုယ်ပိုင်အမှတ် တ/၅၆၈၁၇၃ ၊
(၂) တပ်သားမင်းထက်ကျော် – ကိုယ်ပိုင်အမှတ် တ/၅၇၀၀၀၃
(၃) တပ်သားဖြိုးဝေစိုး – ကိုယ်ပိုင်အမှတ် တတ/၁၂၇၂၈၈ တို့ ဖြစ်ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ၊ သုံ့ပန်းနဲ့ စစ်ဖက်အကျဉ်းသားထိန်းသိမ်းရေးဆိုင်ရာလမ်းညွှန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။