ဖက်ဒရယ်ဒီမိုကရေစီပြည်ောထင်စုတည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးအင်အားစုအားလုံးနဲ့ လက်တွဲကြိုးပမ်းဆောင်ရွက် မယ်လို့ ပြည်ထောင်စုလွှတ်တော်သတင်းထုတ်ပြန်
ဖေဖော်ဝါရီ ၆၊ ၂၀၂၂
အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးအင်အားစုအားလုံးနဲ့ အတူတကွကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်က မနေ့ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အပြီး ညပိုင်းမှာ ထုတ်ပြန် ခဲ့တဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားတာပါ။
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေး တိုင်းရင်းသားပြည်သူတွေ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အင်အားစုတွေ၊ နိုင်ငံတကာအသိုက်အဝန်းတွေ၊ နိုင်ငံတကာနဲ့ ဒေသတွင်း လွှတ်တော်တွေ၊ လူပုဂ္ဂိုလ်တွေက လက်တွဲ ပူးပေါင်းပေးကြပါဖို့ ထပ်မံဖိတ်ခေါ်ထားပြီးတော့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ နိုင်ငံရေးအင်အားစုအားလုံးနဲ့အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရ ပါတယ်။
တစ်နှစ်တာကာလအတွင်းမှာ အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတကာရဲ့စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေး အရေးယူဒဏ်ခတ်ပိတ် ဆို့မှုတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံတကာအသိုက် အဝန်းကလည်း ဖယ်ကြဉ်ထားတာကို ခံနေရကာ အကြမ်းဖက်စစ်တပ်ထဲမှာလည်း အချင်းချင်း ပြိုကွဲလျက်ရှိနေပြီး အချိန်တစ်ခုသာ ကြံ့ကြံ့ခံ လျှောက်လှမ်းပါက ပြည်သူတွေရဲ့ အောင်ပွဲက ဧကန်မလွဲ ရောက်ရှိတော့ မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေ အပြီးတိုင်ကျဆုံးပြီး တိုင်းရင်းသားပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ ဖယ်ဒရယ်ဒီမိုကရေ စီ နိုင်ငံတော်တည်ဆောက်နိုင်ရေး ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးမှာ သည်းခံစိတ်ရှည်စွာ ပါဝင်ပေးခဲ့ကြတဲ့ ပြည်သူတွေ၊ အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြတဲ့ ပြည်တွင်းပြည်ပက အလှူရှင်တွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအသိုက်အဝန်း၊ နိုင်ငံတကာ လွှတ်တော်တွေနဲ့ ကမ္ဘာ့နိုင်ငံတွေကို ပြည်သူလူထုကိုယ်စား ကျေးဇူးတင်ရှိတဲ့အကြောင်းလည်း ပြည်ထောင်စုလွှတ်တော်က မှတ် တမ်းတင်ဖော်ထားတာတွေ့ရပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာမှာ ကျရာကဏ္ဍအသီးသီးမှာ ပါဝင်ထမ်းဆောင်နေပြီးတော့ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုနဲ့ ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းပိုးသွားမယ်လို့ ဆိုပါတယ်။
ဒါအပြင် အကြမ်းမဖက်အာဏာဖီဆန်မှု(CDM)မှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းတွေကို ဂုဏ်ပြုချီးမြင့်နိုင်ရေး၊ နွေဦးတော်လှန်ရေး တိုက်ပွဲအတွင်း ကျဆုံးသွားသူတွေအတွက် အာဇာနည်သူရဲကောင်းများအဖြစ် ဂုဏ်ပြုနိုင်ရေး ဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။