ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ထွန်းရေးအတွက် ကရင်တိုင်းရင်းသားသွေးချင်းများနှင့်အတူ ဟန်ချက်ညီညီစည်းစည်း လုံးလုံးလျှောက်လှမ်းကြမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သဝဏ်လွှာပေးပို့
ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၂
ပြည်ထောင်စုမှာ ရင်ဆိုင်နေရတဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းတွေကို အောင်မြင်စွာကျော်လွှားပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် ကရင်တိုင်းရင်းသားသွေးချင်းတွေအပါအဝင် ပြည်ထောင်စုဖွားတိုင်းရင်း သား ညီအစ်ကိုမောင်နှမတွေအားလုံး ဟန်ချက်ညီညီစည်းစည်းလုံးလုံး လျှောက်လှမ်းကြမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ၇၄ နှစ်မြောက် ကရင်အမျိုးသားနေ့အတွက်ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းရေးသားထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ထောင်ဖို့ အရေးကြီးလှတဲ့ ယနေ့အချိန် ကာလမှည အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မ အာဏာသိမ်းယူမှုကို နိုင်ငံတစ်ဝှမ်းလုံးက တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးခုခံဆန့်ကျင် တွန်းလှန်လျက်ရှိရာ ကရင်တစ်မျိုးသား လုံးက ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဖေးမကူညီ ပံ့ပိုးခဲ့ကြတာ ကျေးဇူးတင် ဂုဏ်ယူဖွယ်ရာ ကောင်းလှပါတယ်လို့ ဖော်ပြထားပါတယ်။
နှစ်ပေါင်း ၇၀ ကျော်ကြာ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်စနစ် ပီပီပြင်ပြင် ပေါ်ပေါက်လာရေးအတွက် တော်လှန်တိုက်ပွဲဝင်ရင်း အသက်အိုးအိမ်စည်းစိမ်များ ရင်းနှီးပေးဆပ်ခဲ့ကြရတဲ့ ကရင်အမျိုးသား ခေါင်းဆောင်ကြီးတွေ၊ ကရင့်အာဇာနည်သူ ရဲကောင်းရဲဘော်တွေ အားလုံးကိုလေးစားအသိအမှတ်ပြုတယ်ဆိုတာနဲ့ စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခဲ့ကြတဲ့ သွေးချင်းကရင် မိသားစုဝင်များအားလုံးကိုလည်း ဦးညွှတ်ဂုဏ်ပြုအပ်တယ်လို့ NUG က ဖော်ပြထားပါတယ်။
ဒါအပြင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည်ကာ နိုင်ငံရေး၊ တော်လှန်ရေးကဏ္ဍတွေမှာ ဦးဆောင်မှုပြုနေကြတဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစဉ်လေးစားကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။
ပြည်ထောင်စုစိတ်ဓာတ်နဲ့ အတူတကွ ပူးပေါင်းလက်တွဲပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်နေကြပြီး ဖြောင့်မတ် တည်ကြည်သတ္တိကြီးတဲ့ ကရင်တစ်မျိုးသားလုံးရဲ့ စွမ်းရည်ကိုလည်း အထူးအလေးထား အားကိုးတယ်လို့ ဖော်ပြထားပါတယ်။
ကရင်အမျိုးသားနေ့က လွတ်လပ်ရေး၊ တန်းတူရေး၊ ဒီမိုကရေစီရေး၊ ချစ်ကြည် ရေးနဲ့ ငြိမ်းချမ်းရေး တို့အတွက် ကရင်တစ်မျိုးသားလုံး နိုင်ငံရေးအသိနဲ့ မျိုး ချစ်စိတ်ဓာတ်ကို ဖော်ထုတ်ပြသခဲ့တဲ့နေ့၊ ကရင်တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ပြသခဲ့တဲ့နေ့၊ ကရင်တစ်မျိုးသားလုံးရဲ့ ဇာတိသွေး ဇာတိမာန်ကို ရဲရဲတောက် ဖော်ထုတ်ပြသခဲ့တဲ့နေ့၊ ကရင်တစ်မျိုးသားလုံးရဲ့ ချစ်ကြည်ရေးနဲ့ ငြိမ်းချမ်းရေး အပေါ် အလေးအနက် မြတ်နိုးတန်ဖိုးထားမှုကို ပြသခဲ့တဲ့နေ ဆိုပြီးတော့ လည်း အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာမှာဖော်ပြထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။