ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အောင်မြင်စွာထူထောင်နိုင်ရေးအတွက် နွေဦးတော်လှန်ရေးမှာ အသက်ခန္ဓာ စတေးပေးလှူခဲ့တဲ့ သူရဲကောင်းတွေကို တိုင်တည်ပြီး သန္နိဋ္ဌာန်ပြုတယ်လို့ ပညာရေးဝန်ကြီးဌာနထုတ်ပြန်
မတ် ၁၅ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ “အာဏာရှင်စနစ်မှန်သမျှ အပြီးသတ်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အောင် မြင် စွာထူထောင်နိုင်ရန်” အတွက် နွေဦးတော်လှန်ရေးမှာ အသက်ခန္ဓာ စတေးပေးလှူခဲ့တဲ့ သူရဲကောင်းတွေကို တိုင်တည်ပြီး သန္နိဋ္ဌာန်ပြုတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဆေးတက္ကသိုလ်(၁) ရန်ကုန်ကျောင်းသားသမဂ္ဂက ကျင်းပသတဲ့ ပထမနှစ်ကျောင်းသား ကိုခန့်ငြားဟိန်းရဲ့ ကျဆုံးခြင်း (၁)နှစ်ပြည့် အောက်မေ့သတိရခြင်း အခမ်းအနားကို ပညာရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ရာမှာ အထက်ပါအတိုင်း ဖော်ပြလိုက်တာပါ။
ပညာရေးဝန်ကြီးဌာနအနေနဲ့ ကိုခန့်ညားဟိန်းအတွက် သဝဏ်လွှာပေးပိုရရခြင်းဖြစ်သလို အခြားသော ကျဆုံးခဲ့ရ တဲ့ သူရဲကောင်းများစွာနဲ့လည်း တသားတည်းရှိနေတယ်လို့ မှတ်ချက်ပြုထားတာတွေ့ရပါတယ်။
ပညာရေးဝန်ကြီးဌာနက ပေးပို့တဲ့ သဝဏ်လွှာထဲမှာတော့ မတ် ၁၄ ရက်က လက်နက်ကိုင်ပြီး အာဏာယစ်မူးတဲ့ စစ်အုပ်စုရဲ့ နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ခြင်းခံရတဲ့ (၄၀၇) ရက်မြောက်နေ့ဖြစ်သလို တာမွေမြို့နယ်မှာ မိမိတို့ရဲ့ဆန္ဒကို ငြိမ်းချမ်းစွာဖော်ထုတ်ပြသစဉ် လက်နက်ကိုင် ရမ်းကားတဲ့ စစ်တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ပထမနှစ်ကျောင်းသား၊ ကိုခန့်ငြားဟိန်းရဲ့ (၁) နှစ်ပြည့်နှစ်ပတ်လည်နေ့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မတရားမှုကို မလိုလားသော ကျောင်းသားလူငယ်တွေအပါအဝင် ပြည်သူတွေ အားလုံးကအာဏာရှင်ကို ကျရာကဏ္ဍပေါင်းစုံကနေ နည်းလမ်းပေါင်းစုံနဲ့တော်လှန်ဆန့်ကျင်နေကြပြီး ပြည်သူလူထုလက်ဝယ်ကို နိုင်ငံတော် အာဏာပြန်ရရှိရန်နဲ့ တိုင်းရင်းသားပြည်သူအားလုံး လိုလားတဲ့ ခွင့်တူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ဖြစ်စေရန် ကြိုးပမ်းနေကြတယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် ၁၉၆၂ ခုနှစ် မှ ယနေ့ ၂၀၂၂ ခုနှစ်တိုင် အာဏာရှင်စနစ် ဆန့်ကျင်တော် လှန်ရေး ခရီးကြမ်းမပြီးဆုံးနိုင်သေး တာက လွန်စွာစိတ်ပျက်ဝမ်းနည်းဖွယ်ရာဖြစ်ပြီးတော့ ခရီးလမ်းကြမ်းတမ်းတာနဲ့အမျှ အာဏာရှင်ကိုဆန့်ကျင်ရင်း နိုင်ငံအတွက် အသက်ပေးလှူခဲ့ရတဲ့ အနာဂါတ်ရဲ့ လူငယ်တွေများစွာရှိခဲ့ရပြီလို့ ဆိုထားပါတယ်။
ဒီမိုကရေစီနဲ့ လူအခွင့်အရေးအတွက် ယနေ့တိုင် တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြရတဲ့ကျောင်းသားလူငယ် တွေအပါအဝင် ပြည်သူလူထုအပေါင်းကို လေးစားစွာ ဦးညွှတ် ဂုဏ်ပြုတယ်လို့လည်း ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
ဒါအပြင် ယနေ့ကြုံတွေ့နေရတဲ့စစ်အာဏာသိမ်းမှုကို တော်လှန်နေတာက ကျွန်တော်တို့ အားလုံးအတွက် အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန် တိုက်ပွဲဝင်နေတဲ့ နောက်ဆုံး တော်လှန်ရေးဖြစ်စေရမယ်ဆိုတာနဲ့ “ဖိရင်ကြွမယ်၊ ထိရင်ချမယ်” ဆိုတဲ့ ကြွေးကြော်သံတွေက မဟုတ်ရင် မခံ၊ အနိုင်ကျင့်ရင် မခံ၊အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်မယ်ဆိုတဲ့ ရိုးရှင်းသော ကျောင်းသားလူငယ်ထုရဲ့ အသံ ဖြစ်ပြီး အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းစေရန်နဲ့ လူတန်စားတစ်စုရဲ့ ကြီးစိုးချယ်လှယ်မှု ကျရှုံးစေရန်က မတရားမှုကို မလိုလားတဲ့၊ လုံးဝလက်မခံတဲ့ တိုင်းရင်းသား ပြည်သူအားလုံးရဲ့ တာဝန်ဖြစ်တယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။