ပြည်သူ့တပ်မတော်သားတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ကနေထွက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်တဲ့ ပြည်သူ့ရင်ခွင်ကိုခိုလှုံကြဖို့ ယာယီသမ္မတကြီးက တိုက်တွန်း

ပြည်သူ့တပ်မတော်သားတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ကနေထွက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်တဲ့ ပြည်သူ့ရင်ခွင်ကိုခိုလှုံကြဖို့ ယာယီသမ္မတကြီးက တိုက်တွန်း
ဇန်နဝါရီ ၁၊ ၂၀၂၂

အာဏာမက်တဲ့ လောဘသားတွေကြောင့် တပ်မတော်ကို အကြမ်းဖက်အဖွဲ့အစည်းတခုအဖြစ် ကမ္ဘာကသိရှိနေပြီဖြစ်လို့ ပြည်သူ့ တပ်မတော်သားတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ကနေထွက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရဦးဆောင်တဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံ ကြဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလက နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက် ပါတယ်။

“တိုင်းပြည်ကို ချစ်တဲ့စိတ်၊ နိုင်ငံတော်ကို ကာကွယ်လိုစိတ်နဲ့ တပ်မတော်ထဲကို ဝင်ရောက် လာကြတဲ့ တပ်မတော်သားများဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ သားသမီး၊ ညီအစ်ကို မောင်နှမတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း အာဏာရမက် လောဘ သားအချို့ကြောင့် အခုဆိုရင် တပ်မတော်ဟာ ပြည်သူသိ၊ ကမ္ဘာသိ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်နေပါပြီ။ ဒါကြောင့် အကြမ်းဖက် ဗိုလ်ချုပ်ကြီးများရဲ့ လက်ကနေ တိုင်းပြည်ကို ကယ်တင်ဖို့၊ ကာကွယ်ဖို့ အချိန် ရောက်လို့လာပါပြီ။ ဒါကြောင့် ပြည်သူ့တပ်မတော်သားတွေ အနေနဲ့ CDM ဝင်ကြပါ။ အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်တဲ့ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြပါ။” လို့ ယာယီသမ္မတကြီး ဒူဝါလရှီးလက ပြောကြားသွားတာပါ။

ဒါအပြင် တပ်မတော်သားတွေကို အကြမ်းဖက်စစ်ခေါင်းဆောင်တွေက အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးတဲ့အခါ ငြင်းဆန်ကြပါ၊ အပြစ်မဲ့ ပြည်သူတွေကို ဒုက္ခပေးမယ့် စစ်ရေးတွေကို ငြင်းဆန်ကြပါ ဆိုပြီးလည်း ပြောကြားထားပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ အမိန့်ကို တကယ်လို့ ငြင်းဆန်လို့မရတဲ့ အခြေအနေမှာ စစ်ထွက်ရရင်လည်း ပြည်သူတွေကို အတတ်နိုင်ဆုံး ကောင်းကောင်း ကူညီပေးကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ထိပ်တိုက် မတွေ့နိုင်အောင် ရှောင်ရှားကြပါဖို့အတွက်လည်း တိုက်တွန်း ပြောကြားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အားအားစုအားလုံးကို တတ်အားသ၍ စုစည်းဆောင်ရွက် နေပြီး တန်းတူညီမှုမျှ အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်ကိုလည်း အတည်ပြုထားပါပြီ။

ဒါအပြင် နိုင်ငံတကာအသိုင်းအဝန်းနဲ့ ချိတ်ဆက်မှုအားကောင်းကောင်းနဲ့ ဆောင်ရွက်နေသလို ကုလသမဂ္ဂ၊ အာဆီယံ လို အဖွဲ့အစည်းတွေမှာ အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုဖို့အရေးလည်းလုပ်ဆောင်ထားနိုင်ပါပြီ။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ငွေကြေးလည်ပတ်စီးဆင်းမှု စနစ်တခုကို ထူထောင်ထားနိုင်ပြီး CDM ဝန်ထမ်းတွေကို ထောက်ပံ့ထားနိုင်သလို ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုတွေလုပ်ပေးထားကြောင်းနဲ့ တော်လှန်ရေး လှုပ်ရှားမှုနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) တွေကို စနစ်တကျဖွဲ့စည်းနိုင်ဖို့ ကူညီထောက်ပံ့မှုတွေလုပ်ပေးထားပြီးဖြစ်တယ်လို့လည်း မိန့်ခွန်း မှာ ထည့်သွင်းပြောကြားထားတာ တွေ့ရပါတယ်။

ဒါအပြင် ယာယီသမ္မတကြီး ဒူဝါလရှီးလက စစ်အာဏာသိမ်းရန်ကြိုးစားမှုကြောင့် အသက်ပေးသွားကြတဲ့ တော်လှန်ရေးရဲဘော် များကို ဂုဏ်ပြုဦးညွှတ်ပါကြောင်း၊ နှိပ်စက်ခံရသူများ၊ ထွက်ပြေးတိမ်း ရှောင်နေရသော ပြည်သူပြည်သားများကိုလည်း အထူးကျေးဇူးတင် ဂုဏ်ပြုပါကြောင်းနဲ့ ဒီတော်လှန်ရေးမှာ မိဘကိုသော်လည်းကောင်း၊ သားသမီးကိုသော်လည်းကောင်း၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးရင်းချာ၊ မိတ်ဆွေအပေါင်းအသင်းများကို စွန့်လွတ်ဆုံးရှုံးလိုက်ကြ ရတဲ့ မိဘပြည်သူများကိုလည်း အထူးအားပေးနှစ်သိမ့်လိုပါကြောင်း ထည့်သွင်းပြောကြားထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.