ပြည်သူ့ညီလာခံက နွေဦးတော်လှန်ရေးအတွက် အရေးကြီးလှတဲ့ အလှည့်အပြောင်းအချိုးအကွေ့ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
ဇန်နဝါရီ ၂၇ ၊ ၂၀၂၂
ပြည်သူ့ညီလာခံကို ပြုလုပ်နိုင်ခဲ့တာက နွေဦးတော်လှန်ရေးအတွက် အရေးကြီးလှတဲ့ အလှည့်အပြောင်းအချိုးအကွေ့ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ကျင်းပပြုလုပ်တဲ့ ပြည်သူ့ညီလာခံကို ဒီနေ့မနက်က ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ယင်း ပွဲရဲ့ အဖွင့်မိန့်ခွန်းမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်တာပါ။
“ပြည်သူ့ညီလာခံကြီးကို အခုလို ကျင်းပနိုင်တာဟာ နွေဦးတော်လှန်ရေးရဲ့ အရေးကြီးလှတဲ့ အလှည့်အပြောင်း အချိုးအကွေ့ဖြစ်ပြီး သမိုင်းမှာလည်း မော်ကွန်းဝင်ကျန်ရစ်မယ့် အစည်းအဝေး ကြီးဖြစ်တဲ့အတွက် အခုလို မိန့်ခွန်းပြောခွင့်ရတာ အလွန်ပဲ ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ဒီပြည်သူ့ ညီလာခံကြီးဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ တိုင်းပြည်အာဏာကို လက်နက်အားကိုး မတရားသိမ်းယူဖို့ ကြိုးစားတဲ့ တစ်နှစ် ပြည့်လုဆဲဆဲ ကာလနဲ့ သွားရောက် တိုက်ဆိုင်နေတာလဲ ဖြစ်ပါတယ်။ စစ်အုပ်စုက ဘယ်လောက်ပဲ တိုင်းပြည် ကို အကြမ်းဖက် အာဏာရယူဖို့ ကြိုးစားပေမဲ့ ပြည်သူလူထုက လက်မခံပဲ နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်တွန်းလှန် နေတယ်ဆိုတဲ့ ပြယုဂ်တစ်ခုအဖြစ် ဒီပြည်သူ့ညီလာခံကြီးကို ကျင်းပနိုင်တဲ့အတွက် နိုင်ငံရေးအနှစ်သာရ အားဖြင့် အလွန် အရေးကြီးလှပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်တာပါ။
ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်မှာ စစ်အာဏာရှင် စနစ်အပါအဝင် အာဏာ ရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြီးသတ် ဖျက် သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ အရပ်သား ပြည်သူ့အစိုးရ ပေါ်ထွန်းရေးအစရှိတဲ့အချက်တွေ ပါဝင်လာမှာဖြစ်ပြီးတော့ ပြည်ထောင်စုရဲ့ အဓိက အရင်းခံ ရေသောက်မြစ် ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မှာလည်းဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်က နွေဦးတော်လှန်ရေးအတွက် ရှေ့ဆောင်လမ်းပြ မီးရှုးတန်ဆောင်ဖြစ်တယ်လို့လည်း ပြောကြားထားတာ တွေ့ရပါတယ်။
“ဒီပဋိဉာဉ်ကြီးမှာ ပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ကို လူထုဆန္ဒနဲ့အညီ အတည်ပြုပြဌာန်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitutionalism)ကို လိုက်နာကျင့်သုံးနိုင်မှသာ ကျွန်တော်တို့မျှော်ရည်တဲ့ ဖက်ဒရယ်ပြည်ထောင် စုကြီးတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်တည်ဆောက်နိုင်ဖို့အတွက် ပါဝင်တဲ့ အစုအဖွဲ့တွေဖြစ်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ၊ ကြားကာလ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ် ကိုယ်စားပြုအဖွဲ့အစည်းတွေ၊ သမဂ္ဂများ၊ အမျိုးသမီး၊ လူငယ်နဲ့ လူနည်းစုဆိုင်ရာ အဖွဲ့အစည်းတွေ အပါအဝင် အရပ်ဖက် အဖွဲ့အစည်းတွေ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူထုသပိတ် လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ စုပေါင်းညီညွတ်မှု၊ ညှိနှိုင်းတိုင်ပင်မှုနဲ့ ဟန်ချက် ညီညီ ကြိုးပမ်းအားထုတ်မှုက အလွန်အရေးကြီးတယ်လို့လည်း ပြောကြားထားပါတယ်။
ဒီလိုအဖွဲ့အစည်းတွေက ပေါင်းစပ်ပြီးတော့ ညှိနှိုင်းရေးကော်မတီ/ ကော်မရှင်တွေ ဖွဲ့စည်းပြီး ဆောင်ရွက်နေကြတဲ့အတွက်လည်း ဂုဏ်ယူရတယ်လို့ ယာယီသမ္မတကပြောကြားထားပါတယ်။
ပြည်သူ့ညီလာခံက အစပြုပြီးတော့ ဒီမိုကရေစီပဋိဉာဉ်ကြီးနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ အားလုံး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြဖို့အတွက်လည်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။