ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ခဲ့တဲ့ ၆ လပြည့်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်၊ PDF တွေရဲ့ စိုးမိုးမှုနယ်မြေကို အခြေပြုပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အာဏာကို တည်ထောင်ထားနိုင်ပြီဟု ဖော်ပြထား

ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ခဲ့တဲ့ ၆ လပြည့်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်၊ PDF တွေရဲ့ စိုးမိုးမှုနယ်မြေကို အခြေပြုပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အာဏာကို တည်ထောင်ထားနိုင်ပြီဟု ဖော်ပြထား
မတ် ၁၄ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီကို ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ပြီလို့ ကြေညာခဲ့တာ ၆ လပြည့်အဖြစ်နဲ့ အမျိုးသားညီ ညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန် ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေနဲ့ ပြည်သူတွေအတွက် အစီရင်ခံတစ်စောင်ကို ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ PDF စိုးမိုးနယ်မြေများကို အခြေပြုပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အာဏာကို စတင် တည်ထောင်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကာ ကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက် ပါတယ်။

၂၀၂၁ စက်တင်ဘာ ၇ရက်က စတင်ခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် ၆လပြည့် အစီရင်ခံစာကို ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ရာ ရန်သူ စစ်ကောင်စီတပ်ရဲ့ အင်အား ပြုန်းတီးစေရန် နေ့စဉ်နဲ့အမျှ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ရေးနည်းလမ်းကို အသုံးပြုရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က လက်မဲ့အခြေအနေကနေစ ခဲ့ကြတာ ဖြစ်ပြီး စစ်ကောင်စီက ပြည်သူလူထုအပေါ် အကြမ်းဖက် ကျွန်ပြုမှုကို ခုခံတိုက်ဖျက်ရာမှာ လက်နက်ကိုင် တော်လှန်ရေးနည်းလမ်းကို ရွေးချယ်ဖို့ အခြေအနေအရပ်ရပ်က တောင်းဆိုဖန်တီးလာတာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ဆိုထားပါတယ်။

“ဖြတ်သန်းခဲ့တဲ့ ပြည်သူ့ခုခံတွန်းလျန်စစ် ၆ လတာ ကာလကို တော်လှန်ရေးရဲ့ ကနဦး အဆင့်လို့ မှတ်ယူမယ်ဆိုရင် ဒီအဆင့်မှာ PDF ရဲဘော်တွေဟာ ပျောက်ကြားစစ်၊ လှုပ်ရှားစစ်ကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်လာကြတယ်။ ရန်သူ့အင်အားကို နေ့စဉ်နဲ့အမျှ ထိခိုက်ပြုန်းတီးအောင် စွမ်းဆောင်နိုင်ခဲ့ကြတယ်။ အခုဆိုရင် ကျွန်တော်တို့ PDF တွေဟာ ကျေးလက်ဒေသများစွာကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပါပြီ” လို့ကာကွယ် ရေးဝန်ကြီးက ပြောပါတယ်။

PDF စိုးမိုးနယ်မြေတွေကို အခြေပြုပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အာဏာကိုလည်း စတင်တည် ထောင်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဆိုထားပါတယ်။

နေပြည်တော်၊ရန်ကုန်နဲ့ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးရှိ မြို့ကြီး မြို့နယ်များမှာလည်း မြို့ပြပျောက် ကြားစစ်ကို ထိထိရောက်ရောက် ဆောင်ရွက်နေပြီဖြစ်တယ်လို့ ဝန်ကြီးက အသိပေးထားပါတယ်။

“ခြုံကြည့်ရင် ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ ကနဦးအဆင့်ဟာ ကျွန်တော်တို့ရဲ့ စစ်ရေးရည်မှန်းချက်များ အတိုင်းအတာ တစ်ခုအထိ ပေါက်မြောက်ရောက်ရှိခဲ့တယ်လို့ ပြောနိုင်ပါတယ်” လို့ ဦးရည်မွန်က ဆိုပါတယ်။

လက်ရှိ အဆင့်မှာ အဓိက အားနည်းချက်အဖြစ် စစ်လက်နက်ခဲယမ်း မီးကျောက်က PDF အတွက် အဓိက အားနည်းချက်ဖြစ်တယ်ဆိုပြီးတော့လည်း ဝန်ကြီးကထောက်ပြထားပါတယ်။

“လက်နက်တပ်ဆင်မပေးရကောင်းလားဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ပြစ်တင်ဝေဖန်ကြတာ တွေကလည်း နေ့စဉ်နဲ့အမျှ ကြားသိရပါတယ်။ ဒီလို စေတနာ ဒေါသောနဲ့ အားမလို အားမရ ဖြစ်ကြ ဝေဖန်ထောက်ပြကြာတကိုလည်း ကောင်းကောင်းကြီး လက်ခံနားလည်ပါတယ်”လို့ ကာကွယ်ရေးဝန်ကြီး ပြော ထားပါတယ်။

ပြည်တွင်း ပြည်ပရှိ ပြည်သူတွေရဲ့ ထောက်ပံ့လှူဒါန်းထားတဲ့ ရန်ပုံငွေကိုသာ အရင်းတည်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်မတော်ကို တည်ထောင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ ဘယ်ပြည်ပနိုင်ငံကမှ ရုပ်၀တ္ထု ပစ္စည်း အကူအညီမျိုး ပေးအပ်တာ မရှိသေးပါဘူး။ သို့သော် PDF အတွက် လက်နက်ခဲယမ်း မီးကျောက် အနည်းဆုံးလိုအပ်ချက်ကို မကြာခင်မှာ ဖြည့်ဆည်းနိုင်လိမ့်မယ်လို့တော့ ပြောချင်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာ မဟာမိတ်တွေရဲ့ အကူအညီနဲ့ စစ်လက်နက်ခဲယမ်း မီးကျောက် ပမာဏ တစ်ခုကို လက်လှမ်းမီထား ပြီဖြစ်ကြောင်း ၎င်းက သတင်းကောင်းပါးထားပါသေးတယ်။

“ ဒီပမာဏဟာ PDF ရဲဘော်အားလုံးကို လူတိုင်းစေ့ တပဆင်ပေးနိုင်ရေးဆိုတာနဲ့တော့ အများကြီး အလှမ်းဝေးနေဆဲဖြစ်တယ်ဆိုတာကို ဝန်ခံရပါမယ်။ ကျွန်တော်တို့ အနေနဲ့ စစ်ရေးစစ်ရာ ကိစ္စအတွက် မြန်မာပြည်မှာ ခုခံတော်လှန်စစ်ကို နှစ်ပေါင်းများစွာ အတွေ့အကြုံရှိထားကြပြီးလက်ရှိ ခုခံတော်လှန်စစ်မှာလည်း တာဝန်ယူဦးဆောင်နေကြတဲ့ စစ်ရေးခေါင်းဆောင်ကြီးတွေနဲ့အတူ ရေးဆွဲချမှတ်ထားတဲ့ စစ်မဟာဗျူဟာ၊ စစ်ရေးစီမံချက်တွေနဲ့အညီ ဆောင်ရွက်နေတာ ဖြစ်တယ်” လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

လိုသလောက်မရရှိသေးဘဲ အကန့်အသတ်နဲ့သာ ရှိနေသေးတဲ့ စစ်လက်နက်ခဲယမ်းတွေကို စစ်မဟာဗျူဟာ စီမံချက်တွေအရ အရေးပါတဲ့ နယ်မြေဒေသများကို အဆင့်ဆင့် ပိုင်းခြား သတ်မှတ်ပြီး ဦးစားပေး အစီအစဉ် အတိုင်း စနစ်တကျ ဖြန့်ဝေတပ်ဆင်မှုတွေကို ဆက်တိုက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လက်နက်ခဲယမ်း မီးကျောက် ရရှိရေး ပုံစံမျိုးစုံနဲ့ အကူအညီပေးကြတဲ့ မဟာမိတ်အဖွဲ့အစည်းတွေ၊ ဘဏ္ဍာငွေ ထည့်ဝင်လှူဒါန်းကြတဲ့ ပြည်တွင်း ပြည်ပ ပြည်သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

“ပြည်သူ့တော်လှန်ရေး ရဲဘော်တွေ အဓိက လိုအပ်နေတဲ့ စစ်လက်နက်ခဲယမ်း ပစ္စည်းတွေကို ဒီထက်ပိုပြီး ရရှိတပ်ဆင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပ ပြည်သူများ၊လုပ်ငန်းရှင်များ ငွေကြေးဓန တက်စွမ်းနိုင်သူများအနေနဲ့လည်း ဆထပ်ထမ်းပိုး တိုးပြီး ကူညီထောက်ပံ့ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်” လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ပြည်သူတွေရဲ့ လှူဒါန်းမှုများအရ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ရရှိခဲ့ရာ ရန်ပုံငွေ အားလုံးရဲ့ ၈၅ ရာခိုင်နှုန်းကို စစ်လက်နက်ခဲယမ်းပစ္စည်း ဝယ်ယူမှုနဲ့ ထုတ်လုပ်မှု အတွက် အသုံးပြုခဲ့တယ်လို့ အသိပေးထားပါတယ်။

မြေပြင် ရဲဘော်တွေအနေနဲ့ လက်နက်ခဲယမ်း အင်အား မပြည့်စုံသေးတဲ့ ဒေသတွေရဲ့ ရဲဘော်တွေအနေနဲ့ မလိုအပ်ဘဲ အင်အားအပွန်းအပဲ့ မဖြစ်အောင် သတိကြီးကြီး၊ ဉာဏ်ပညာ ကြီးကြီးနဲ့ စစ်ရေးလှုပ်ရှားမှုကို ဆောင်ရွက်ကြဖို့လည်း မှာကြားထားပါတယ်။

“ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ ရုပ်၀တ္ထုပစ္စည်းအရ တစ်စုံတစ်ရာ အင်အားရှိနေသေတးဲ့အပြင် လူသားဆန်ခြင်း အလျဉ်းမရှိ လူစိတ်ပျောက်နေတဲ့ အရိုင်းအစိုင်းများ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ မိမိရန်သူကို လိုတာထက်ပိုပြီး အထင်မကြီးသင့်သလို အထင်မသေးမိဖို့လည်း လိုပါတယ်”လို့ ဝန်ကြီး ကပြော ပါတယ်။

လက်ရှိမှာ ရန်သူ စစ်ကောင်စီက အစွမ်းကုန် အကြမ်းဖက် စစ်ဗျူဟာကို သုံးပြီး အရပ်သား ပြည်သူတွေကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်နေကြောင်း၊ ပြည်သူတွေအနေနဲ့ PDF ကို ထောက်ခံမှုမပြုရဲစေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ PDF တွေကိုသာမက အရပ်သားပြည်သူတွေကိုပါ လေကြောင်း အသုံးပြု တိုက်ခိုက်မှု၊ ရုတ်တရက် လေကြောင်းမှ ဝင်ရောက်စီးနင်းမှု တွေ ခပ်စိပ်စိပ်လုပ်ဆောင် လာနေတယ် ဆိုပြီးလည်း ပြောထားပါတယ်။

“ ရန်သူက အကြမ်းဖက် စစ်ဗျူဟာကို အသုံးပြုချိန်မှာ PDF များအနေနဲ့လည်း အရပ်သား ပြည်သူတွေရော ကိုယ့်အင်အားကိုပါ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ဖို့ သင့်လျော်တဲ့ နည်းဗျူဟာများကို ဉာဏ်ပါပါနဲ့ လိုက်လျောညီထွေ ကျင့်သုံးကြဖို့ အရေးကြီးပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။

တော်လှန်ရေး နေ့ချင်း ညချင်း အောင်မြင်ရန် စိတ်ကူးမယဉ်အပ်သကဲ့သို့ တော်လှန်ရေး ရေချိန် လျော့မသွားစေရန် တော်လှန်ရေး ဇာတ်မျော မသွားစေရန်အတွက်လည်း အထူးလုံ့လစိုက်ရမှာဖြစ်တယ်လို့ သတိ ပေးထားပါတယ်။

“ ကျွန်တော်တို့ ဆင်နွဲနေတဲ့ တော်လှန်ရေးဟာ မြန်မာနိုင်ငံအတွက် သမိုင်းအလှည့်အပြောင်းိကု ဖန်တီးမယ့် တော်လှန်ရေးဖြစ်ပါတယ်။” လို့ ဝန်ကြီးက ပြောပါတယ်။

ပြည်သူထောက်ခံ ကူညီမှုမရှိဘဲ PDF ဟာ မရပ်တည်နိုင်တာကို လေးလေးနက်နက် သတိချပ်ရန် ကာကွယ်ရေးဝန်ကြီးက မှာကြားခဲ့ပြီး PDF ရဲဘော်တွေ အနေနဲ့ ပြည်သူ အကြည်ညိုပျက်စေမယ် ပြည်သူနဲ့ ဆန့်ကျင်တဲ့ အပြုအမူ အပြောအဆိုတွေကို လုံး၀ သတိပြု ဆင်ခြင်ကြဖို့လည်း ၎င်းက ပြောကြားထားပါတယ်။

၂၀၂၂ နှစ်က ပြည်သူ့တော်လှန်ရေးအတွက် အဆုံးအဖြတ် အရေးပါတဲ့ နှစ်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အခွင့်အရေးကောင်းကို ဝိုင်းဝန်းကြိုးပမ်းကြမယ်ဆိုပါက လက်တစ်ကမ်းမှာ ရှိနေပြီလို့ ဆိုပါတယ်။

နိုင်ငံရေး စီးပွားရေး၊ စစ်ရေး နိုင်ငံတကာအရေး အဖက်ဖက်က အထိနာနေတဲ့ အကြမ်းဖက် စစ်ကောင်စီကို အသက်ရှုပေါက်မပေးဘဲ ပုံစံမျိုးစုံနဲ့ တရစပ်ဖိအားပေး တိုက်ခိုက်နိုင်ဖို့အတွက် တော်လှန်ရေး အင်အားစုများရဲ့ သွေးစည်းညီညွတ်စုစည်းမှုက အထူးအရေးကြီးပြီး PDF အလံတော်အောက်မှာ အားလုံးစုစည်းကြဖို့လည်း နှိုးဆော်ထားပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ ၆လတာ အတွေ့အကြုံကို ပြန်လည်သုံးသပ်ပြီး အားသာချက် ၊ အာနးည်းချက်တွေကို ဖော်ထုတ်ကာ ရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးအတွက် သင့်လျော်တဲ့ အစီအစဉ်တွေ ချမှတ်သွားရမှာ လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.