ပြည်သူလူထုရဲ့ ခုခံစစ်ပိုမိုပြင်းထန်လာကြောင်းနဲ့ အကြမ်းဖက်စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေကို ပြည်သူဘက် ပြောင်းလဲ ရပ်တည်ဖို့ အချိန်ကျပြီလို့ ယာယီသမ္မတကြီးပြောကြား

ပြည်သူလူထုရဲ့ ခုခံစစ်ပိုမိုပြင်းထန်လာကြောင်းနဲ့ အကြမ်းဖက်စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေကို ပြည်သူဘက် ပြောင်းလဲ ရပ်တည်ဖို့ အချိန်ကျပြီလို့ ယာယီသမ္မတကြီးပြောကြား
ဇန်နဝါရီ ၁၁ ၊ ၂၀၂၂

ဇန်နဝါရီလဆန်းက စတင်ပြီးတော့ ပြည်သူလူထုရဲ့ ခုခံစစ် ပိုမိုပြင်းထန်လာကြောင်းနဲ့ အကြမ်းဖက်စစ်တပ်အောက်မှာ မလွဲမရှောင် ဝမ်းရေးအတွက် တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်ရဲဘက်တွေအနေနဲ့ ပြည်သူ့ဘက်ကပြောင်းလဲရပ်တည်ပြီး အကြမ်းဖက်စစ် အုပ်စုကို တွန်းလှန်ဖို့ အချိန်ကျပြီဖြစ်ကြောင်း ယာယီသမ္မတကြီး ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ အခုလိုထည့်သွင်းပြောကြားလိုက် တာပါ။

“ဇန်နဝါရီလဆန်းက စလို့ ပြည်သူလူထုရဲ့ ခုခံစစ် ပိုမိုပြင်းထန်လာပြီး၊ ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ လူနေရပ်တွေမှာ စစ်လေယာဉ်တွေနဲ့ ပစ်ခတ် နှိမ်နှင်းခြင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ် ဖျက်ဆီးခြင်း၊ KNU ထိန်းချုပ်ဒေသ လေးကေကော်နဲ့ အနီးတဝိုက် လူနေရွာတွေကိုလဲ ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြတဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးခြင်း၊ မတရားဖမ်းဆီးသတ်ဖြတ်ခြင်းတွေကို တိုးချဲ့လုပ်ဆောင်နေတာကို တွေ့ရကြောင်း၊ ပြည်သူကို ကာကွယ်ရမယ့် စစ်တပ်ဟာ ပြည်သူကို သတ်ဖြတ်တဲ့ အကြမ်းဖက်အုပ်စုဖြစ်သွားပြီ ဖြစ်တာကြောင့် ပြည်သူလူထုဟာ မိမိတို့ အသက်ရှင် ရပ်တည်ရေးအတွက် ပြည်သူ့ခုခံကာကွယ်စစ်ကို ဖွဲ့စည်းလုပ်ဆောင်နေခြင်းဟာ မှန်ကန်တရားမျှတတဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ ဒါကြောင့် အကြမ်းဖက်စစ်တပ်မှာ မလွဲမရှောင်သာ ဝမ်းစာအတွက် တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်ရဲဘက်တွေ၊ ကိုယ်ကျိုးအတွက် မျှော်ရည်လုပ်ကိုင် နေကြတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ချက်ချင်း ပြည်သူတွေဖက်သို့ ပြောင်းလဲရပ်တည် ပြီး အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်ဖို့လိုကြောင်း။” ယာယီသမ္မတကြီး ဒူဝါလရှီးလက ပြောကြားလိုက် တာပါ။

ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှု၊ ဒေသတွင်း တည်ငြိမ်မှုတွေကို လိုချင်တယ်ဆိုရင် အကြမ်း ဖက် စစ်ကောင်စီကို ဖယ်ရှားပြီး ပြည်သူလူထုရဲ့ စိတ်ဆန္ဒနဲ့အညီ ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တညီတ ညွတ်တည်း မဆိုင်းမတွ အတည်ပြုထောက်ခံအားပေးကူညီသွားဖို့လည်း ပြောကြားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးတွေက ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကရင်နီဒေသ လက်ရှိ အခြေအနေများကိုတင်ပြဆွေးနွေးခဲ့ပါတယ်။

ဒါအပြင် လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း ကုလသမဂ္ဂသို့ တင်သွင်းမယ့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ပုံမှန်သုံးသပ်မှုလုပ်ငန်းစဉ် (Universal Periodic Review) ဆိုင်ရာအစီရင်ခံစာကိစ္စတွေကို ဆွေးနွေးတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.