ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီးရဲ့ ပြည်သူ့ရဲ တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီးရဲ့ ပြည်သူ့ရဲ တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေး
ဇူလိုင် ၆ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် နဲ့ ပြည်သူ့ရဲတပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၅ ရက် နံနက် ၁၀ နာရီမှာ အွန်လိုင်းကနေ တဆင့်ပြုလုပ်ခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြည်သူ့ရဲတပ်ဖွဲ့လုပ်ငန်းတွေကို မြေပြင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ကြစေလိုတယ်၊ စိုးမိုးထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အမှုစစ်ရဲအရာရှိတွေကို တာဝန်ပေးပြီး မြေပြင်တိုင်ကြားလာတဲ့ အမှုကိစ္စများကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ကြရန် လိုတယ်၊ ဖွဲ့စည်းထားတဲ့ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တွေကိုလည်း လိုအပ်တဲ့ သင်တန်း တွေ ပေးနိုင်ရေး မြန်မြန် စီစဉ်ကြစေလိုတယ်၊ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမှန်သမျှကို ဖော်ထုတ်ပြုစုပြီး တရားဥပဒေနဲ့အညီ အရေးယူအပြစ်ပေးနိုင်‌ရေးကို ဦးစားပေး လုပ်ကြစေချင်တယ်ဆိုတာတွေကို ပြောကြားခဲ့ပါတယ်။

ဒါအပြင် လက်ရှိကာလမှာ ပြည်သူလူထုရဲ့ လူမှုဘဝ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အနေနဲ့ ပြည့်ပြည့်ဝဝ အကောင် အထည်ဖော်ပေးနိုင်ရန် Community Oriented Policing ကို မြေပြင်အခြေအနေနဲ့ ကိုက်ညီမှုရှိပြီး မျက်ခြေမပျက် စိုက်လိုက်မတ်တပ် အကောင်အထည်ဖော်နိုင်ရေးကို ကြိုးစားကြဖို့အတွက်လည်း တိုက်တွန်းပြောကြားထားတာတွေ့ရ ပါတယ်။

အဲဒီနောက် အစည်းအဝေးကို တက်ရောက်လာကြသူတွေက ပြည်သူ့ရဲ တပ်ဖွဲ့မှ လက်ရှိဆောင်ရွက်ထားချက်တွေ၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)တွေကိုစနစ်တကျ ဖွဲ့စည်းတည်ရှိနေစေရေးကိစ္စရပ်တွေ၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တွေနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်ရေးကိစ္စရပ်တွေ၊ အမှုအခင်းကိစ္စရပ်များကို နည်းလမ်းတကျ ကိုယ်တွယ်ဆောင်ရွက် နိုင်ရေးကိစ္စရပ်တွေ၊ နိုင်ငံတကာရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နဲ့အတူ၊ အမြဲတမ်းအတွင်းဝန်၊ တွဲဘက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲချုပ်၊ ဒုရဲချုပ်နဲ့ အခြားရဲအရာရှိကြီးတွေ တက်ရောက်ခဲ့ကြကြပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.