ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ပြည်သူ့အချုပ်အခြာအာဏာနဲ့ စပ်လျဉ်းတဲ့ ဆွေးနွေးပွဲကို ဩစတြေးလျ နဲ့ အိန္ဒိယ နိုင်ငံတွေက ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြုလုပ်
ဇန်နဝါရီ ၂၃ ၊ ၂၀၂၃
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ပြည်သူ့အချုပ်အခြာအာဏာ (Sovereignty of the People – SoP) နဲ့ စပ်လျဉ်းတဲ့ အချက်တွေအပေါ် ဆွေးနွေးပွဲကို ဩစတြေးလျ နဲ့ အိန္ဒိယ နိုင်ငံတွေက နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေ ဖိတ်ကြားပြီးတော့ ဇန်နဝါရီ ၂၂ ရက်၊ ညနေ ၈ နာရီမှာ ဗီဒီယိုကွန်ဖရင့်ကတစ်ဆင့် ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါဆွေးနွေးပွဲမှာ ပြည်သူတို့ရဲ့ အချုပ်အခြာအာဏာက ပြည်သူတွေရဲ့လက်ထဲမှာ ရှိဖို့အတွက်က အရေးကြီးဆုံးဖြစ်ကြောင်း၊ အချုပ်အခြာအာဏာရဲ့ ပိုင်ရှင်ဖြစ်တဲ့ ပြည်သူတွေရဲ့လက်ထဲမှာ အချုပ်အခြာအာဏာက ရှိမနေတဲ့အတွက် ပြည်သူများအနေဖြင့် နိုင်ငံရေးအနာဂတ်ကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိရန်လိုအပ်ကြောင်း၊ ပြည်သူများရဲ့ အချုပ်အခြာအာဏာကို တရားမဝင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို အသုံးချပြီး တရားမဝင်အာဏာသိမ်းစစ်ကောင်စီက လိမ်လည် လုယူခဲ့ခြင်းဖြစ်ကြောင်းကို ဒီမိုကရေစီဆိုင်ရာအခြေခံမူတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းသို့ ညွှန်ပြပေးရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
ပြည်သူ့အချုပ်အခြာအာဏာ (Sovereignty of the People – SoP ) က ပြည်သူနဲ့ နိုင်ငံတော်အကြား လူမှုရေးဆိုင်ရာ သဘောတူညီချက်တစ်ခုအပေါ် အခြေခံထားကာ အချုပ်အခြာအာဏာက ပြည်သူနဲ့ အတူရှိကြောင်း အသိအမှတ်ပြုပြီး ပြည်သူတွေရဲ့ အခွင့်အရေးကို အပြည့်အဝပေးထားတာဖြစ်ကြောင်း အခြေခံအချက် (၈)ချက်နဲ့ ပညာရှင်များက ရည်ညွှန်းဆွေးနွေးကာ တက်ရောက်လာသူများနဲ့ အပြန်အလှန် မေးမြန်း ဖြေကြားတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းလာစေရေး အတွက် နည်းလမ်း ပေါင်းစုံနဲ့ ပံ့ပိုးကူညီလျက်ရှိတဲ့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေ၊ ဖက်ဒရယ်ရေးရာကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ ရေးရာကော်မတီအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြတယ် လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။