ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ကိုရီးယားနိုင်ငံလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ ပြုလုပ်
ဇန်နဝါရီ ၁၀ ၊ ၂၂
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ ကိုရီးယားနိုင်ငံလွှတ်တော်ကိုယ်စားလှယ်တို့ တွေ့ဆုံမှုကို ဒီမနက်မှာ ပြုလုပ်ခဲ့ပြီး လက်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေရတဲ့ စစ်ဘေး ရှောင်ပြည်သူတွေကို အကူအညီပေးရေးလုပ်ငန်းတွေနဲ့ စီပွားရေးဆိုင်ရာကိစ္စရပ်တွေအတွက် ချေးငွေရရှိရေးအအချက်များအပါအဝင် အခြားသောအကြောင်းအရာများစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ CRPH ရဲ့သတင်းထုတ် ပြန်ချက်အရ သိရပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်က “အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရ အဖြစ် အသိအမှတ်ပြုပေးပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများ ပေးအပ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ NUG က တရားဝင်အစိုးရအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်မယ့် စီမံကိန်းများ ရေးဆွဲထားသည့်အတွက် စီးပွားရေးစီမံကိန်းများအတွက် စာချုပ်ချုပ်နိုင်ရေး” ကိစ္စရပ်တွေကို ပြောကြားခဲ့ပါတယ်။
ဒါအပြင် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အစိုးရဝန်ထမ်းတွေ၊ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးတို့နဲ့ စစ်အာဏာရှင် သက်ဆိုးမရှည်စေရန် ၎င်းတို့နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်ရေး တို့အတွက် ကိုရီးယားနိုင်ငံအစိုးရကို တိုက်တွန်းပေးဖို့အတွက်လည်း ဦးအောင်ကြည်ညွန့်ကပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်တို့ ဦးဆောင်တဲ့အဖွဲ့နဲ့ တောင်ကိုရီးယားဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ဦးရန်နိုင်ထွန်း၊ အကြံပေး ပါမောက္ခ ဘာ့အွန်းဟို၊ ရုံးအဖွဲ့မှူး ဦးစိုးမိုးသူ၊ အလုပ်သမားရေးရာကိုယ်စားလှယ် ဦးမျိုးဟိန်းတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားလွှတ်တော်ကိုယ်စားလှယ်တွေဘက်ကတော့ အာဏာရ ဒီမိုကရက်ပါတီမှ Mr. Ko Youngin (고영인) နဲ့ Mr. Park Young-soon (박영순)၊ Platform Party (더불어시민당) ရဲ့ လွှတ်တော်အမတ် Mr. Yang Jeong-sook (양정숙)၊ တစ်သီးပုဂ္ဂလလွှတ်တော်အမတ် Ms. Yoon Mee-hyang (윤미향) ၊ Basic Income Party ရဲ့ Ms. Yong Hye-in (용혜인) နဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှက်ပြိုင်မယ့် Mr. Oh Jun-ho(오준호) တို့တက်ရာက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
ကိုရီးယားနိုင်ငံဘက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ချေးငွေရရှိနိုင်ရေးလုပ်ငန်းတွေ၊ စစ်ဘေးဒဏ်သင့် မြို့ရွာတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့အကူအညီတွေ ပေးအပ်ရေး ကိစ္စတွေ၊ ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်နေတာကြောင့် မြို့ရွာတွေပျက်စီးနေမှုနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်နိုင်ရေး ကိစ္စ တွေကို ဆွေးနွေးခဲ့ကြတာပါ။
ဒါအပြင် ဖမ်းဆီးခံပြည်သူအားလုံးအတွက် ကမ္ဘာတဝှမ်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး၊ အကြမ်းဖက် စစ်ကောင်စီတပ်တွေက နိုင်ငံတစ်ဝှမ်းမှာ ထိုးစစ်ဆင်နေမှုတွေနဲ့ ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ ကိုရီးယားနိုင်ငံသမ္မတ၊ လွှတ်တော်ကို ယ်စားလှယ်တွေနဲ့ ပြည်သူတွေက မြန်မာအရေးအပေါ် ဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေ၊ အကူအညီပေးခဲ့မှုတွေနဲ့ ရှေ့ဆက်လုပ် ဆောင်ပေးမယ့် အခြေအနေတွေ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြည်လည်ရရှိရေး ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews