ပူးပေါင်းပါဝင်ကြပါရန် အသိပေးနှိုးဆော်ခြင်း
ဒီဇင်ဘာ ၂၀၊ ၂၀၂၁
ကေအဲန်ယူ- ဒူးပလာယာခရိုင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၆)နဲ့ အာဏာသိမ်းစစ်ကောင်စီတပ် အုပ်စုတို့အကြား တိုက်ပွဲဖြစ်ပွားတာနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) က အာဏာသိမ်းစစ်ကောင်စီ တပ်စခန်းတွေ တိုက်ခိုက်သိမ်းယူခြင်းများကို ကြားသိရရင် Online ပေါ်မှာ အလျင်စလို မတင်ဖို့ ကေအဲန်ယူ- ဗဟိုက မေတ္တာရပ်ခံလိုက်ကြောင်း KIC သတင်းမှာ ဖော်ပြထားပါတယ်။
ပစ်ခတ်တိုက်မှုဖြစ်ပွားပြီးတာ ဒါမှမဟုတ် စခန်းသိမ်းယူပြီးတာတွေ ပြီးနောက် စစ်ရေးအစီအစဉ်အရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် က ဆက်လက်လုပ်ဆောင်ရမယ့် အရာတွေရှိတဲ့အတွက် စစ်ရေးလှုပ်ရှားမှုအကြောင်းအရာကို online ပေါ်မှာ အလျင်စလိုတင်ပြီး ဖြန့်ဝေလိုက်ပါက ရန်သူကို သတင်းပေးပို့ရာသို့သက်ရောက်ပြီး စစ်မြေပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဆက်လုပ်ဆောင်ရမယ့် စစ်ရေးအစီအစဉ်ကို ထိခိုက်မှုဖြစ်ပေါ်စေနိုင်တယ်လို့ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဖြစ်လေ့ဖြစ်ထရှိတဲ့ စစ်ပြေးဒုက္ခသည်ပြည်သူ နေရာများ ကို မြေပုံညွှန်းနဲ့ တကွ ဖော်ပြတာမျိုးပြုလုပ်ရင်လဲ စစ်ပြေးဒုက္ခသည်တွေကို အာဏာသိမ်းစစ်ကောင်စီတပ်မက ပစ်မှတ်ထားနိုင်တဲ့အတွက် စစ်ပြေးဒုက္ခသည်များ လုံခြုံမှုမရှိစေတော့ကြောင်း ကေအဲန်ယူ- ဗဟို က အသိပေးလိုက်ပါတယ်။
ပုံမှန်အနေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုတို့က လေယာဉ်နဲ့လာရောက်ဗုံးကြဲပစ်ခတ်တာအပြင် စစ်ကူတပ်ဖွဲ့များစေလွတ်ခြင်းတွေ ပြုလုပ်တယ်လို့သိရပါတယ်။
ဒါကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၆)က တပ်ဖွဲ့တပ်သားများ စစ်မြေပြင်ကိစ္စရပ်များပြီးဆုံးပြီး လုံခြုံစိတ်ချရတဲ့ နေရာကို ပြန်လည်ရောက်ရှိတဲ့ အချိန်မှသာ onlineပေါ် သတင်းများကို ဖြန့်ဝေကြဖို့ ကေအဲန်ယူ- ဗဟိုက မေတ္တာရပ်ခံလိုက်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
Credit – KIC