ပုလောမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို KNU နဲ့ PDF ပူးပေါင်းတိုက်ခိုက် စစ်ကောင်စီဘက် ၅ ယောက်ထက်မနည်းသေ
ဖေဖော်ဝါရီ ၃၊ ၂၀၂၂
တနင်္သာရီတိုင်း ပုလောမြို့နယ် ဆားခဲရွာဝန်းကျင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေ ပူးပေါင်းတိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ပုလော PDFက ထုတ်ပြန်ပါတယ်။
KNU တပ်မဟာ(၄)နယ်မြေ ဆားခဲရွာ ဝန်းကျင်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က တပ်စွဲထားတာကို KNU/PPDF၊ PRDF မဟာမိတ်ပူးပေါင်းတပ်တွေက ဒီကနေ့ ဖေဖော်ဝါရီ ၃ရက် မနက်ပိုင်းမှာ လက်ဦးမှုယူပြီး နှစ်ကြိမ် တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
တိုက်ခိုက်မှု ၂ကြိမ်စလုံးမှာ စစ်ကောင်စီတပ်က ထိခိုက်မှုရှိခဲ့ပြီး ၅ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ထုတ်ပြန်ထားသလို လက်ပစ်ဗုံးအချို့၊ ကျည်တွေနဲ့ ကျည်ကာအင်္ကျီ အချို့လည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ဆိုပါတယ်။
“လက်ရှိကတော့ ငြိမ်နေတယ်။ ဒါပေမဲ့ သူတို့ဘက်က အင်အားတွေထပ်ဖြည့်နေတယ်” ဟု ပုလော PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ မဟာမိတ်ပူးပေါင်းတပ်က ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က အခြားနေရာ ရွှေ့သွား ပေမယ့် အဲဒီ ဒေသမှာ စစ်ရှိန်မြင့်လာနိုင်တဲ့ အလားအလာ ရှိတယ်လို့လည်း သူက ပြောပါတယ်။
ပုလောမြို့နယ်မှာ အရင်ကလည်း KNUနဲ့ PDF ပေါင်းပြီး စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက် ခဲ့လို့ တိုက်ပွဲဖြစ်ပွားမှုအချို့ရှိခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။