ပညာရေးဝန်ကြီးဌာနက “ကြားကာလ အခြေခံပညာတတ်ကျွမ်းမှုစွမ်းရည် စံသတ်မှတ်ချက်များ” အကြံပြုချက်ကို ထုတ်ပြန်
ဒီဇင်ဘာ ၃၀ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက “ကြားကာလ အခြေခံပညာတတ်ကျွမ်းမှုစွမ်းရည် စံသတ်မှတ်ချက်များ” အကြံပြုချက်ကို ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကြားကာလမှာ ပညာရေးကို နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်ကြရာမှာ ရှိရင်းစွဲသင်ရိုးညွှန်းတမ်းများမှ ဖက်ဒရယ် ဒီမိုကရေစီ စံနှုန်းများနဲ့ မဆန့်ကျင်တဲ့ သင်ရိုးများ၊ တိုင်းရင်းသားပညာရေးဌာနများမှ ရေးဆွဲထားတဲ့ သင်ရိုးများနဲ့ ဒီမိုကရေစီနိုင်ငံများမှ သင်ရိုးများကို သင့်တော်သလို လွတ်လပ်စွာ မှီငြမ်းအသုံးပြုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့်မဆန့်ကျင်တဲ့သင်ရိုးများကို ကိုးကားပြီး ကျောင်းသား၊ ကျောင်းသူများရဲ့ စွမ်းရည်ကို မြှင့်တင် နိုင်ရေးအတွက်ဆောင်ရွက်ကြရာမှာ အခြေခံပညာအဆင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အသက်အရွယ်အလိုက် ရှိသင့် တဲ့ တတ်ကျွမ်းမှုစွမ်းရည် စံသတ်မှတ်ချက်များကို မှီငြမ်းအသုံးပြုနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန အနေနဲ့ အကြံပြုထုတ်ပြန်ပေးတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်မှာ ပြဋ္ဌာန်းစာအုပ်ပါအကြောင်းအရာများကိုသာ အလွန်အမင်းမှီခိုပြီး အလွတ်ကျက်မှတ် ပြန်လည်ဖြေဆိုတဲ့ ပညာရေးစနစ်ထက် ကျောင်းသူ၊ ကျောင်းသားများရဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ လွတ်လပ်စွာတွေးခေါ်မြော်မြင်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းများကို အားပေးအားမြှောက်ပြုမယ့် ပညာရေးစနစ်များဖြစ်ရန် လိုအပ်တယ်လို့လည်း ထောက်ပြထားပါတယ်။
တတ်ကျွမ်းမှုစွမ်းရည်ကိုအခြေခံတဲ့ သင်ရိုးညွှန်းတမ်းစနစ် (Competency-based Curriculum) က နိုင်ငံအများအပြားမှာ ပြောင်းလဲကျင့်သုံးနေတဲ့ မျက်မှောက်ခေတ်နဲ့ လျော်ညီတဲ့စနစ် ဖြစ်တယ်လို့ ဆိုပါတယ်။
ပြဋ္ဌာန်းစာအုပ်အကြောင်းအရာအခြေပြု (Content-based) စနစ်မှ တတ်ကျွမ်းမှုစွမ်းရည်အခြေပြု (Competency-based) စနစ်သို့ ကူးပြောင်းရာမှာ စနစ်တကျအချိန်ယူပြီး အဆင့်ဆင့်ဆက်လက်ညှိနှိုင်း လုပ်ဆောင်သွားရန် လိုအပ်တယ်လို့ ဖော်ပြထား ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ ယခုအခါမှာ ပထမဆုံးအကြိမ်အဖြစ် “ကြားကာလ အခြေခံပညာတတ်ကျွမ်းမှုစွမ်းရည် စံသတ်မှတ်ချက်များ (Statement of Basic Education Competency Standards for Interim Period (Version 2))” ကို စတင်အကြံပြုထုတ်ပြန်ခြင်းဖြစ်ပြီးဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများရဲ့ အတွေ့အကြုံနဲ့ သုတေသန လေ့လာတွေ့ရှိချက်များကို အခြေခံပြီး ပိုမိုကောင်းမွန်အောင် အခြေခံပညာတတ်ကျွမ်းမှုစွမ်းရည် စံသတ်မှတ်ချက်များ (Version 3, 4, 5, …) ကို စနစ်တကျ အဆင့်ဆင့်ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း အသိပေးဖော်ပြထားတာ တွေ့ရပါတယ်။
“ကြားကာလ အခြေခံပညာတတ်ကျွမ်းမှုစွမ်းရည် စံသတ်မှတ်ချက်များ” အကြံပြုထုတ်ပြန်ကြေညာခြင်း” ကို ဖတ်မယ်ဆိုရင် https://moe.nugmyanmar.org/%e1%80%80%e1%80%bc%e1%80%b1%e1%80%8a%e1%80%ac%e1%80%81%e1%80%bb%e1%80%80%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/interim/?fbclid=IwAR3wplG4EWbTipzhsQXxUcNRgcn48HAeIXAlofNlN4FZKeVE_mFCILilfUA မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။