ပခုက္ကူမြို့က ဝန်ထမ်းတွေအနေနဲ့ CDM ပြုလုပ်ကြဖို့နဲ့ စျေးဆိုင်တွေကလည်း စစ်ကောင်စီထုတ်ကုန်တွေ မရောင်းဖို့အတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးစာထုတ်ပြန်

ပခုက္ကူမြို့က ဝန်ထမ်းတွေအနေနဲ့ CDM ပြုလုပ်ကြဖို့နဲ့ စျေးဆိုင်တွေကလည်း စစ်ကောင်စီထုတ်ကုန်တွေ မရောင်းဖို့အတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးစာထုတ်ပြန်
မတ် ၄ ၊ ၂၀၂၂

လက်ရှိ တော်လှန်ရေးအရှိန်အဟုန်ပိုမို မြင့်လာစေဖို့နဲ့ ပြည်သူလူထူတစ်ဦးချင်းစီရဲ့ လူမှုဘ၀လုံခြုံမှု‌အတွက် တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး ဒေသန္တရအမိန့် ထုတ်ပြန်လိုက်ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အသိပေးကြေညာခဲ့ပါတယ်။

အဲဒီဒေသန္တရအမိန့်မှာ ပခုက္ကူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့ ထောက်တိုင် ကုမ္ပဏီ၊ စက်ရုံတွေက ထွက်ရှိတဲ့ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းတွေကို လာမယ့်မတ်လ ၂၀ရက်ကစပြီး ရောင်းချသယ်ယူခြင်း လုံး၀မပြုရဘူးလို့ဖော်ပြထားပါတယ်။

မြန်မာဘီယာနဲ့ Red Ruby ကဲ့သို့ပစ္စည်းတွေ အပါအဝင် အကြမ်းဖက် စစ်ကောင်စီနဲ့ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေ ရောင်းချတာ၊ သယ်ယူတာ စိစစ်တွေ့ရှိရင် ကုန်ပစ္စည်းအားသိမ်းယူတာ၊ ဖျက်ဆီးတာနဲ့ အခြားအုပ်ချုပ်မှုနည်းလမ်းတွေနဲ့အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။

ပခုက္ကူမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အပါအဝင် အကြမ်း ဖက်စစ်တပ်လက်အောက်ခံ စစ်ဘက် အရပ်ဘက်ဝန်ထမ်းတွေအနေနဲ့ မတ်လ ၂၀ရက်နောက်ဆုံးထားပြီး အမြန်ဆုံး CDM ပြုလုပ်သွားကြဖို့လည်း အဲဒီဒေသန္တရအမိန့်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်သောင်းကျန်းသူ စစ်ကောင်စီအလိုကျ ဆက်လက်ဆောင်ရွက်မယ် ဆိုရင် အဲဒီပုဂ္ဂိုလ်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ယူမည်မဟုတ်တဲ့အပြင် မိမိလုပ်ရပ်နဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံယူရမယ်လို့အသိပေးထားပါတယ်။

ပြည်သူလူထုစီးပွားရေးခက်ခဲနေချိန်မှာ စစ်ကောင်စီကျည်ဆန်၊လက်နက်ခဲယမ်းဖြစ်စေမယ့် ရေမီတာ၊ လျှပ်စစ်မီတာစတဲ့ အခွန်အခ‌တွေ ကောက်ခံတာ လုံး၀မပြုလုပ်ဖို့ ပခုက္ကူ(ပအဖ)က တားမြစ်ထားပါတယ်။

ကောက်ခံတဲ့ ပုဂ္ဂိုလ်၊ ဌာန/အဖွဲ့အစည်းတွေရဲ့ အသက်အိုးအိမ် လုံခြုံရေးကိစ္စကို ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ အာမခံချက်လုံး၀(လုံး၀)ပေးမှာမဟုတ်ကြောင်းနဲ့ သက်‌ဆိုင်ရာဒေသ ကာကွယ်ရေးအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်နဲ့ အညီသာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ယခုအာဏာလုကာလအတွင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပျူစောထီးဆိုသူတွေ အနေနဲ့ ရပ်၊ရွာအတွင်းရှိပြည်သူလူထုအား အကြမ်းဖက်၊ဓါးပြဆန်ဆန် ကိုယ်ထိလက်ရောက်ပြုမူခြင်း၊ ခြိမ်းခြောက်ခြင်း ဆောင်ရွက်နေတဲ့ လုပ်ရပ်တွေချက်ချင်းရပ်တန့်ကြဖို့လည်းသတိပေးထားပါတယ်။ ဆက်လက်ဆောင်ရွက်မယ် ဆိုရင် မြို့နယ်ပြည်သူ့ကာကွယ်‌‌ရေးတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေရဲ့ ထိရောက်စွာအရေးယူခြင်းကို ခံရမယ်လို့လည်း အသိပေးထားပါတယ်။

ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူလူထုများအနေနဲ့လည်း အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ဌာနတွေ၊ ဆက်စပ်ရာနေရာတွေကို သွားရောက်တာ ၊ပတ်သက်ဆက်နွယ်တာတွေမလုပ်ဖို့ တိုက်တွန်းထားသလို အကြမ်းဖက်စစ်ကောင်စီက အကြောင်းပြချက်မရှိ စစ်ဆေးဖမ်းဆီးနှိပ်စက်တာတွေ ပြုမူလေ့ရှိလို့ မလို အပ်ဘဲပြင်ပထွက်ခွာတာ၊ ခရီးသွားလာတာတွေ ရှောင်ရှားပေးဖို့လည်းပခုက္ကူ ပအဖက ထုတ်ပြန်ထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.