နိုင်ငံရေး ရပ်တည်ချက်တူညီတဲ့ အဖွဲ့အစည်းအားလုံးနဲ့ အတူလက်တွဲပြီး အာဏာသိမ်းစစ်အုပ်စုကို အဆုံးတိုင်ဖြိုချမယ်လို့ ကရင်အမျိုးသားအစည်းအရုံးက KNDO ဆီ သဝဏ်လွှာပေးပို့

နိုင်ငံရေး ရပ်တည်ချက်တူညီတဲ့ အဖွဲ့အစည်းအားလုံးနဲ့ အတူလက်တွဲပြီး အာဏာသိမ်းစစ်အုပ်စုကို အဆုံးတိုင်ဖြိုချမယ်လို့ ကရင်အမျိုးသားအစည်းအရုံးက KNDO ဆီ သဝဏ်လွှာပေးပို့
ဇူလိုင် ၁၆ ၊ ၂၀၂၂

ဒီနေ့ကျရောက်တဲ့ ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ရဲ့ ၇၅ နှစ်မြောက်အတွက် ကရင်အမျိုးသားအစည်းအ ရုံး (KNU) က ပေးပို့တဲ့ သဝဏ်လွှာမှာ နိုင်ငံရေး ရပ်တည်ချက်တူညီတဲ့ အဖွဲ့အစည်းအားလုံးနဲ့အတူ လက်တွဲပြီး အာဏာ သိမ်းစစ်အုပ်စုကို အဆုံးတိုင်ဖြိုချသွားမယ်လို့ ဖော်ပြလိုက်ပါတယ်။

သဝဏ်လွှာထဲမှာ လက်ရှိကာလက မိမိတို့ရဲ့ နိုင်ငံရေးပန်းတိုင်ကို ဆက်လျှောက်နေရတဲ့ အချိန်ဖြစ်တာကြောင့် စုစုစည်း စည်းလုပ်ဆောင်ကြပြီး ရည်မှန်းချက်တစ်ခုတည်းနဲ့ အပြန်အလှန် နားလည်မှုရှိရှိ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် လက်တွဲလုပ်ဆောင်ကြမယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ကရင်တမျိုသားလုံးနဲ့ ပြည်သူလူထုတရပ်လုံး အကြမ်းဖက်အုပ်ချုပ်သူတွေရဲ့ မတရားစော်ကားမှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ရပ်ရွာကို မီးရှို့ဖျက်ဆီးတာတွေက လွတ်မြောက်ပြီး အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံမှုတွေအတွက် အတူတကွကြိုးပမ်းတိုက်ပွဲဝင်ကြပြီး မိမိတို့အမျိုး သားတွေအတွက် နိုင်ငံရေး ရည်မှန်းချက်နဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်တဲ့အထိ ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်ကြဖို့အတွက်လည်း KNU က သဝဏ်လွှာထဲမှာ ဆုမွန်ကောင်းတောင်းပေးထားတာ တွေ့ရပါတယ်။

လူမျိုးကြီးဝါဒနဲ့ အာဏာသိမ်းစစ်အုပ်စုတို့ဟာ ကရင်အမျိုးသားတွေနဲ့ လူနည်းစုတွေရဲ့ မျှော်မှန်းချက်၊ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုတွေ လိုလားတောင့်တနေကြတဲ့ လွတ်လပ်မှု၊ တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေကို အာမခံချက် ပေးနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ KNU ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

အခုအချိန်မှာ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးဟာ အာဏာသိမ်းစစ်အုပ်စု ကို ဘက်ပေါင်းစုံက နည်းလမ်း အမျိုးမျိုးနဲ့ ပါဝင်တော်လှန်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခုအချိန်ကာလမှာ နိုင်ငံရေး ရပ်တည်ချက်တူညီတဲ့ အဖွဲ့အစည်းအားလုံးနဲ့ အတူတကွ လက်တွဲပြီး ကရင်အမျိုးသားတွေရဲ့ သမိုင်းဝင် ရန်သူဖြစ်တဲ့ မဟာလူမျိုးကြီး ဝါဒနဲ့ အာဏာသိမ်းစစ်အုပ်စုကို အဆုံးခန်းတိုင် ဖြိုချ ဖျက်ဆီး ပစ်ရမှာဖြစ်တယ် KNUရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ ဒီလို ကြိုးပမ်းတိုက်ပွဲဝင်နေကြတဲ့ အချိန်မှာ KNDO မှ ခေါင်းဆောင်တွေနဲ့ စစ်သည် တော်တွေအနေနဲ့ မိမိတို့ရဲ့ ခေါင်းဆောင်ကြီးတွေရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ လမ်းညွှန်ချက် အတိုင်း အမျိုသားနဲ့ ပြည်သူလူထုရဲ့ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိစေဖို့ ကြိုးပမ်း ကြရမှာ ဖြစ်ပြီး ဒီလို ထမ်းဆောင်ကြရာမှာ တော်လှန်ရေးသတိ နဲ့ နိုင်ငံရေးနိုးကြားမှုတွေလည်း ရှိရမှာလို့ ဆိုပါတယ်။

၁၉၄၂ မှ ၁၉၄၅ ခုနှစ်ကာလအတွင်း လူမျိုးရေးအဓိကရုဏ်းတွေမှာ ကရင့်ရပ်ရွာတွေ မီးရှို့ဖျက်ဆီးခံရတာ၊ သတ်ဖြတ်ခံရ တာနဲ့ ညဉ်းပန်းနှိပ်စက်ခံရတာတွေကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး စတင်ဖွဲ့စည်းတဲ့နေ့မှစပြီး ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင်ချိန်အထိ KNDO က KNU နဲ့ ယနေ့တိုင် တစ်စိုက်မတ်မတ် ရပ်တည်ခဲ့တယ်လို့ ဆိုထားပါတယ်။

KNDO က စစ်ရေးအရ တာဝန်တွေ၊ တရားဥပဒေစိုးမျိုးရေးတာဝန်တွေနဲ့ ပြည်သူ့ဘဝလုံခြုံရေးဆိုင်ရာ တာဝန်တွေကို ထမ်းဆောင်ခဲ့တာ ယနေ့ဆိုရင် ၇၅ နှစ်မြောက်သွားပြီလို့ ဆိုပါတယ်။

ကရင်လူတွေအနေနဲ့ အဘက်ဘက်မှ ရှင်သန်တိုးတက်ရန် ဘဝလုံခြုံမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးနဲ့ တန်းတူ ညီမျှမှုအခွင့်အရေးတွေ ရရှိရန် မဖြစ်မနေ လိုအပ်တယ်၊ ကရင့်ခေါင်းဆောင်ကြီးတွေ အနေနဲ့ နိုင်ငံရေးအခြေအနေကို သုံးသပ်ပြီး နိုင်ငံရေးမဟာဗျူဟာနဲ့ လုပ်ငန်းစဉ်တွေကို ခေတ်နဲ့အညီချမှတ်နေတယ်ဆိုတာနဲ့ အဆိုပါ ရည်မှန်းချက်တွေ ပြီးမြောက်ရေးမှာ KNDO က KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ လမ်းညွှန်ချက်အတိုင်း ရပ်တည်လျက်ရှိတယ်လို့ သဝဏ်လွှာ မှာ ဖော်ပြထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.