နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အပါအဝင် အပြစ်မဲ့ တိုင်းရင်းသားပြည်သူတွေအပေါ် ချမှတ်တဲ့ တရားရုံးအသီးသီးရဲ့ အမိန့်တွေဟာ မူလကပင် ပျက်ပြယ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာ
ဒီဇင်ဘာ ၉၊ ၂၀၂၁
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပါအဝင် ဥပဒေနဲ့ညီညွတ်ခြင်းမရှိဘဲ အကြောင်းပြချက်အမျိုးမျိုးပြကာ မြန်မာနိုင်ငံ ဒေသအသီးသီးရှိ အပြစ်မဲ့တိုင်းရင်းသားပြည်သူတွေအပေါ် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေ အားလုံးဟာ မူလစတင်တရားစွဲဆိုစဉ်ကပင် ပျက်ပြယ်ပြီးအမှုတွေဖြစ်ကြောင်းနဲ့ အဆိုပါအမှုတွေအပေါ်တွင် ပြစ်ဒဏ်ချမှတ်တဲ့ အမိန့်တွေဟာလဲ လုံးဝ တရားဝင်မှု မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်အမှတ် (၁၃/၂၀၂၁) ကို ထုတ်ပြန်ကာ အတိအလင်း ကြေညာလိုက်ပါတယ်။
အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကစလို့ နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်ဖြစ်တဲ့ နိုင်ငံတော်သမ္မတ၊ လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ နိုင်ငံရေး ရာထူးလက်ရှိဖြစ်သူတွေ၊ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်တင်မြှောက် ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ အပြစ်မဲ့တိုင်းရင်းသားပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ မဟုတ်မမှန်စွပ်စွဲပြီး တရားစွဲဆိုအပြစ်ပေးတာတွေကို ကျူးလွန်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီကျင့်စဉ်တွေနဲ့ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်ပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက် သိမ်းယူခဲ့ တာဟာ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က အကြမ်းဖက် စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို လက်နက်ကိုင်သောင်းကျန်းနေသူတွေဖြစ်တာကြောင့် အကြမ်းဖက်အုပ်စုအဖြစ် အတိအလင်း ထုတ်ပြန်ကြေညာခဲ့ပြီးလဲဖြစ်ကြောင်း ပါဝင်ပါတယ်။
ထို့အတူ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ တရားမဝင် တာဝန် ထမ်းဆောင် နေကြတဲ့ တရားသူကြီးတွေ ဥပဒေအရာရှိတွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ကြီးကို အားပေးကူညီ ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းတို့၏ ဆောင်ရွက်ချက်များ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက ပြဋ္ဌာန်းဥပဒေတွေနဲ့ အညီ ပြင်းထန်စွာ အရေးယူမှာဖြစ်တယ်လို့လဲ သတိပေးထားတာတွေ့ရပါတယ်။
မတရားသဖြင့် ဖမ်းဆီးအရေးယူ အပြစ်ပေးခြင်းခံကြရတဲ့ ပြည်သူလူထုအသီးသီးတို့ရဲ့ လူ့အခွင့်အရေးနဲ့ ဥပဒေအရ အခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေအတွက် အကြမ်းဖက် စစ်ကောင်စီမှာ လုံး၀ တာဝန်ရှိပြီး ဥပဒေမဲ့ လုပ်ဆောင်မှုအားလုံးအတွက် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့တကွ အပေါင်းအပါတွေအားလုံးအပေါ် ပြင်းထန် ထိရောက်စွာ အရေးယူအပြစ်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ထည့်သွင်းရေးသားထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews