နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ဆီ ပို့ဆောင်ချုပ်နှောင်ထားတဲ့ အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက စာထုတ်ပြန်
ဇွန် ၂၉ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေမဲ့ဖမ်းဆီကာမတရား မှုတွေနဲ့ စွဲကပ်ပြီး နေပြည်တော်အကျဉ်းထောင်ကို ပို့ဆောင်ချုပ်နှောင်ခဲ့တဲ့အပေါ်မှာ အမျိုး သားညီညွတ်ရေးအစိုးရက ဒီနေ့မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ စစ်အာဏာရှင်အဆ က်ဆက်က သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲပ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်တာ၊ မတရားဖမ်းဆီးချုပ်နှောင်တာ၊ အသက်အိုးအိမ်စည်းစိမ်တွေကို ထိပါးဖျက်ဆီးတာတွေကို ကျူးလွန်ခဲ့ကြ သလို ယခုလက်ရှိ အကြမ်းဖက်စစ်ကောင်စီကလည်း ခေတ်အဆက်ဆက် အာ ဏာရှင်တွေထက်ပင် ပိုမိုဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများစွာကို ဆင်ခြင် တုံ့တရား ကင်းမဲ့စွာ ဆက်လက်ကျူးလွန်လျက်ရှိတာ ထင်ရှားနေတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ဥပဒေမဲ့ အနိုင်အထက်ပြုကာ လက်နက်အားကိုးပြီး ပြည်ထောင်စုအစိုးရကို ဖျက်သိမ်းဖို့ အားထုတ်မှုက ပြစ်မှုဆိုင်ရာ ဥပဒေအခန်း(၆) ပါ ပြဌာန်းချက်တွေနဲ့ ငြိစွန်းပြီး ပြည်ထောင်စုနိုင်ငံတော်အစိုးရကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ထောက်ပြထားသလို ၂၀၂၁ ခုနှစ် မတ်လ (၁) ရက်နေ့မှာ စစ်ကောင်စီအား “အကြမ်းဖက်စစ်အုပ်စု” အဖြစ် ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီက ကြေညာခဲ့ပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုပဲ အကြမ်းဖက်စစ်ကောင်စီအလိုကျ အမှုတွေကို စစ်ဆေးစီရင်နေတဲ့ တရားရုံးတွေနဲ့ အဲဒီတရားရုံးတွေကချမှတ် တဲ့စီရင်ချက်၊ အမိန့်တွေက တရားဝင်မှု လုံးဝမရှိဘူးဆိုတာနဲ့ အဲဒီအမှုတွေကို စစ်ဆေးစီရင်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ တရားရုံးတွေ၊ တရားရေးဝန်ထမ်းတွေနဲ့ ဥပဒေဝန်ထမ်းတွေက ရာဇဝတ်မှုကျူးလွန်နေကြတဲ့ ရာဇဝတ် ဂိုဏ်းသားတွေဖြစ်တယ်ဆိုပြီးတော့လည်း အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်ကြေ ညာခဲ့ပြီးဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံရေးခေါင်ဆောင်တွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ၊ ပြည်သူတွေအားလုံးက ရာဇဝတ်ဂိုဏ်းတစ်ခုက ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေနဲ့ အလားသဏ္ဍာန်တူနေတဲ့ ကာလဖြစ်တာကြောင့် တစ်ဦးတစ်ယောက် ချင်းစီတိုင်းရဲ့ အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ် အနေအထားဖြစ်နေတယ်လိုံ ထောက်ပြထားတာ တွေ့ရပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)နဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးများ (ICCPR) ပဋိညာဉ်စာတမ်းတွေမှာ ဘယ်လို ရည်ရွယ်ချက်အတွက်မဆို ဓားစာခံအဖြစ် ဖမ်းဆီးတာက လူတစ်ဦးချင်းရဲ့ဘဝ၊ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုအပါအဝင် လူတိုင်းရဲ့ဂုဏ်သိက္ခာနဲ့ အခြေခံအခွင့်အရေးတွေနဲ့ ကုလသမဂ္ဂက ထိန်းသိမ်းထားတဲ့ အခြေခံတန်ဖိုးတွေကို ချိုးဖောက်တယ်လို့ပြဌာန်းထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေက နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီခြင်းမရှိရုံသာမက မြန်မာနိုင်ငံက ၂၀၀၄ ခုနှစ် ဇွန်လ (၄) ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဓားစာခံဖမ်းခြင်းဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါ အချက်အလက်တွေကိုလည်း ဗြောင်ကျကျ ချိုးဖောက်နေခြင်းဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။
အဲဒါကြောင့် မတရားဖမ်းဆီးခံထားရသူများအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် ဒီမိုကရေစီရေးကြိုးပမ်းဆောင်ရွက်နေကြသူတွေ၊ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို လေးစားတန်ဖိုး ထားကြသူများအားလုံးနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်ပြီး အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြဖို့ တာဝန်ရှိတယ်ဆိုပြီးတော့လည်း တိုက်တွန်းပြောကြားထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေအတွင်း ဓားစာခံများသဖွယ် မတရားဖမ်းဆီးခံထားကြရပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေကြရသူတွေရဲ့ အခြေအနေအရပ်ရပ်ကို မျက်ချေမပြတ် စောင့်ကြည့်နေပြီး အားလုံးလွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်ဆိုပြီးတော့လည်း သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။