နတ်ချောင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မီးရှို့လို့ နေအိမ် ၆၀ ကျော် ပျက်စီးခဲ့၊ လူထုပိုင်ပစ္စည်းတွေကို စစ်ကောင်စီတပ် ခိုးယူသယ်ဆောင်သွား
မတ် ၁၈ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းရှိ နတ်ချောင်းရွာနဲ့ ချောင်းခွရွာ က နေအိမ်တွေကို အကြမ်း ဖက်စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့လို့ အိမ်ခြေ ၆၀ ကျော်မီးလောင် ပျက်စီးခဲ့တယ်လို့ နတ်ချောင်းရွာခံတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ၂၀၂၁ ဒီဇင်ဘာလကလည်း နတ်ချောင်းရွာက နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို စစ်ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်ခဲ့လို့ ပြည်သူ ၂၀ ကျော်သေဆုံးခဲ့ရ တယ်လို့ ဒေသခံက ပြောပါတယ်။
“ဟိုတစ်နေ့က မီးရှို့တာ အိမ်ခြေ ၆၁ အိမ်လောက်ပါသွားတယ်။ ချောင်းခွနဲ့ နတ်ချောင်းပေါ့။ နတ်ချောင်းက အများစုပေါ့။ နောက်ပြီးတော့ အိမ်တွေလည်း အကုန်လုံးဖောက်သွားတယ်။ ဖောက်ပြီးတော့ ပစ္စည်းတွေဘာတွေမွှေပြီးတော့ သူတို့လိုချင်တာ တွေယူသွားတယ် ကျွန်တော်တို့ အိမ်တွေအပါအဝင်ပေါ့” ဟု နတ်ချောင်းရွာခံက ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကြောင့် နတ်ချောင်းရွာက ပြည်သူလူထုတွေလည်း ဒီဇင်ဘာလကတည်းက တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က စစ်ကောင်စီတပ်တွေက ကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့သလို နေအိမ်တွေက ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ ကျေးရွာမှာရှိတဲ့နေအိမ်တွေက ပစ္စည်းတွေ တိမ်းရှောင်ရာနေရာကို ရွှေ့ပြောင်းနေကြရတယ်လို့ ဆိုပါတယ်။
“လက်ရှိ ရွာအခြေအနေက ဒီနေ့ဆိုရင် တော်တော်များများ ပစ္စည်းတွေ သယ်ကြပို့ကြတာရှိတယ်။ နောက်တစ်ခါ ခုလိုဖြစ်မှာစိုးလို့။ အရင်တုန်းကလည်း သယ်ထားကြတာပဲ။ အခုကျတော့ ဘာမှ မကျန်လောက်အောင်ကို သယ်နေကြပြီ ရွာသူရွာသားတွေက” ဟု ဒေသခံက ပြောပါတယ်။
အခုလို ပြည်သူလူထုတွေအပေါ် ရန်ပြုအကြမ်းဖက်နေတဲ့ စစ်ကောင်စီတပ်ကို အမြစ်ဖြုတ်ချေမှုန်းဖို့ ပြည်သူလူထုတွေ စစ်အာဏာရှင် တိုက်ဖျက်ရေးမှာ ပိုမိုပါဝင်ပေးကြဖို့ လိုအပ်တယ်လို့ နတ်ချောင်းရွာက ခံ ပြောပါတယ်။
“ဘာပြောလိုလဲဆိုတော့ စစ်ကောင်စီကို အမြစ်ဖြုတ်ဖို့အတွက် များများ ပါဝင်ပေးကြဖို့ ပေါ့ ပြည်သူတွေဘက်ကလေ။တချို့ကျတော့လည်း ကိုယ့်ဆီမှာ မဖြစ်သေးတဲ့အချိန်ကျတော့ ပါဝင်ဖို့ အားနည်းသေးတာပေါ့လေ။ အများဆုံးခံရတာက နယ်ကလူတွေဖြစ်တဲ့အတွက် များများ ပါဝင်ပေးစေချင်တာပေါ့။ အဓိကတော့ ပြည် သူ့ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းပြီးတော့ပေါ့” ဟု နတ်ချောင်းရွာခံက ပြည်သူလူထု တွေကို တိုက်တွန်းလိုက်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။