နတ်ချောင်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ပြည်သူအများအပြားကို အကြောင်းမဲ့သတ်ဖြတ်
၂၇ ဒီဇင်ဘာ၊ ၂၀၂၁
ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ပြည်သူအများကို အကြောင်းမဲ့ပစ်သတ်ခဲ့ရာ လူ ၁၅ ဦးခန့်အထိ သေဆုံးနေပြီဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောထားပါတယ်။
“သေဆုံးတဲ့သူတွေကတော့ ကျွန်တော်တို့ အတည်ပြုထားတာကတော့ အားလုံးပေါင်း ၁၁ယောက်ပေါ့။ နောက်ပြီးတော့ ထပ်တိုးတဲ့ဟာတွေလည်းရှိတယ်။ အားလုံးပေါင်းတော့ ၁၃ယောက် ၁၄ယောက်လောက်တော့ရှိမယ် ထင်တယ်။ အဲဒီထဲကမှ ကျွန်တော်တို့ ဒီညနေပိုင်းပေါ့နော် ဒီညနေပိုင်းလောက်တုန်းက အလောင်းကောက်လို့ ရတာကျတော့ ၄လောင်းပဲ ဆွဲထုတ်လို့ ရခဲ့တယ်။ ကျန်တဲ့ဟာတွေ ကောက်ဖို့ကျန်သေးတယ်။” လို့ ဒေသခံတစ်ဦးက ခေတ်သစ်မီဒီယာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
လက်ရှိသေဆုံးထားတဲ့စာရင်းက သူတွေ့ရှိထားတဲ့ စာရင်းပဲဖြစ်ပြီးတော့ ထပ်တိုးနိုင်တဲ့ အခြေအနေတွေရှိတယ်လို့လည်း ၎င်းက ဆက်ပြောထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီက နတ်ချောင်းကျေးရွာကို လက်နက်ကြီးတွေ၊ လေယာဉ်တွေအသုံးပြုပြီးတော့ တိုက်ခိုက်ခဲ့တာပါ။ အဲဒီလိုတိုက်ခိုက်တဲ့အပြင် ရွာထဲက နေအိမ်တွေထဲဝင်ပြီးတော့ ပစ္စည်းတွေ၊ ငွေတွေကိုပါ ခိုးယူသွားတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ကလေး-ဂန့်ဂေါ လမ်းပေါ်မှာရှိတဲ့ နတ်ချောင်း၊ မြောင်း၊ ချောင်းဂွက ဒေသခံပြည်သူ ၅ သောင်းလောက် နေရပ်ကို စွန့်ခွာထွက်ပြေးနေရပါတယ်။
နေရပ်စွန်ခွာထွက်ပြေးနေရသူတွေအတွက် အနွေးထည်၊ စောင်နဲ့ စားနပ်ရိက္ခာတွေ လိုအပ်ချက်ရှိနေတယ်လို့ စစ်ဘေးရှောင်တစ်ဦး ကပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေက လမ်းပေါ်မှာတွေ့သမျှ ပြည်သူတွေကို မဲမဲမြင်ရာ ပစ်နေပြီးတော့ နေအိမ်တွေကိုလည်း မီးရှို့ဖြတ်ဆီးတာတွေ လုပ်နေပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်နေတဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ အခုလို အကြမ်းဖက် စစ်ကောင်စီရဲ့တပ်တွေ မတရားပြုကျင့်နေတာကို တိုက်ထုတ်သွားမယ်ဆိုတာနဲ့ ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့အတူ တသားတည်းရပ်တည်ပေးကြဖို့အတွက်လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews